မောင်​​တောမှာ ရဲအချင်​းချင်​း လက်​ပစ်​ဗုံးပစ်​၍ တစ်​ဦး​သေ၊ တစ်​ဦးဒဏ်​ရာပြင်​းထန်​စွာရ

မောင်​​တောမှာ ရဲအချင်​းချင်​း လက်​ပစ်​ဗုံးပစ်​၍ တစ်​ဦး​သေ၊ တစ်​ဦးဒဏ်​ရာပြင်​းထန်​စွာရ
ဓာတ်ပုံ-ဇေယျာမော်
 

 

မောင်တော၊ ဧပြီလ ၃၀ ရက်။               ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရဲကင်းစခန်းတစ်ခုတွင် သုံးရေ ပြတ်လပ် သည့်ကိစ္စနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများရန်ဖြစ်ရာမှ တပ်ဖွဲ့ဝင်တစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်လိုက်ရာ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရသွားကြောင်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

“ဟုတ်တယ်။ အဲဒါက လုံခြံုရေးကိစ္စတွေလေ။ သိရုံပဲသိတာ။ အသေးစိတ်တော့ မသိဘူး။”ဟု မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အတည်ပြုပြောသည်။

ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက မောင်တောမြောက်ပိုင်း သင်္ဘောလှချောင်းဝ ရဲကင်းစခန်းတွင် တာဝန်ကျ နေသည့် ရဲတပ်သား ပြည့်ဖြိုးမင်းနှင့် ကျော်ဖြိုးသူတို့နှစ်ဦးတို့ စခန်းတွင် သုံးရေပြတ်လပ်နေ၍ အချင်းချင်း စကားများကြရာမှ ကျော်ဖြိုးသူဆိုသူက MG-1 ပလတ်စတစ်လက်ပစ်ဗုံးဖြင့် ရဲတပ်သား ပြည့်ဖြိုးမင်းကို ပစ်လိုက်ခြင်း ဖြစ်သည်။

ယင်းနောက် လက်ပစ်ဗုံးမှာ ရဲတပ်သား ပြည့်ဖြိုးမင်းနှင့် ထိုအနီးတွင် အိပ်နေသူ ဒုရဲတပ်ကြပ် မင်းမင်းဇော်တို့ နှစ်ဦး ကြားတွင် ပေါက်ကွဲခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြပြီး ၎င်းတို့နှစ်ဦးကို မောင်တောမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ရဲတပ်သား ပြည့်ဖြိုးမင်းမှာ ထိုဆေးရုံတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်လျှက်ကျန်ခဲ့သူ ဒုရဲတပ်ကြပ်ကို ဘူးသီးတောင် စစ်ဆေးရုံပို့ဆောင်ခဲ့ရာ ယခုတွင် စစ်တွေဆေးရုံသို့ ယူသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခဲ့သူ ရဲတပ်သား ကျော်ဖြိုးသူအား မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်း အမှတ်(၁) ကျီးကန်းပြင် ဌာနချုပ်တွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly