နျူကလီးယားစမ်းသပ်စခန်းများပိတ်သိမ်းမှုကို အမေရိကန်ပညာရှင်များအား ဖိတ်ခေါ်ပြသရန် ပြံုယမ်းစီစဉ်

နျူကလီးယားစမ်းသပ်စခန်းများပိတ်သိမ်းမှုကို အမေရိကန်ပညာရှင်များအား ဖိတ်ခေါ်ပြသရန် ပြံုယမ်းစီစဉ်

ဆိုးလ်၊ တောင်ကိုရီးယား၊ ဧပြီ ၃၀ ။        ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအမ်းသည် လာမည့်လတွင် ၄င်းတို့၏ နျူကလီးယားစမ်းသပ်သည့် စခန်းများပိတ်သိမ်းမှုကို လေ့လာကြည့်ရှုရန်အတွက် အမေရိကန်ကျွမ်းကျင်ပညာရှင်များနှင့် သတင်းထောက် များကို ဖိတ်ခေါ်သွားမည်ဟု ကတိပေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

“ကင်မ်ဟာ လာမယ့်မေလမှာ သူတို့ရဲ့နျူကလီးယားစမ်းသပ်တဲ့စခန်းတွေကို ပိတ်သိမ်းပစ်တော့မယ်လို့ ပြောခဲ့ ပါတယ်။ ပြီးတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ ပိတ်သိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအား ပွင့်လင်းမြင်သာစွာ ပြသသွားချင်နေပါတယ်” ဟု တောင်ကိုရီး ယား သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ယွန်းယောင်းချန်းက ပြောခဲ့သည်။

ကင်မ်သည် ပြီးခဲ့သော သောကြာနေ့က တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နှင့် သမိုင်းဝင်တွေ့ဆုံခဲ့ရာတွင် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်ဟုလည်း ယင်းပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

သမိုင်းဝင်တွေ့ဆုံပွဲအတွင်း ကင်မ်နှင့် မွန်းဂျေးအင်တို့သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းပစ်ဖို့ သဘောတူညီခဲ့ကြောင်းလည်း သိရသည်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုကလည်း သူနှင့်ကင်မ်တို့သည် ပြီးခဲ့သော အီစတာ ပွဲတော်ကာလက နျူကလီးယားဖျက်သိမ်းမှုနှင့်ပက်သက်၍ လေးလေးနက်နက် ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

“ကျနော်တို့ ကြီးမားတဲ့သဘောတူညီမှုနဲ့ပက်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ဟာ သံတမန်ရေးအရပဲ ငြိမ်းချမ်းစွာအဖြေရှာဖို့ ကြိုးပမ်းခဲ့ကြပြီးတော့ ကင်မ်ဂျံုအမ်းနဲ့ သူ့ရဲ့လက်နက်တိုက်ကြီးဟာ အမေရိကန်တို့ အတွက် အန္တရာယ်ရှိမှာမဟုတ်တော့ပါဘူး” ဟု ပွန်ပေအိုက ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags