လိဒ်ယူနိုက်တက်နှင့် ကစားမည့် မြန်မာပွဲစဉ်များအတွက် လက်မှတ်များ ကြိုတင်ရောင်းချမည်

လိဒ်ယူနိုက်တက်နှင့် ကစားမည့် မြန်မာပွဲစဉ်များအတွက် လက်မှတ်များ ကြိုတင်ရောင်းချမည်
ဓာတ်ပုံ-MFF 

ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လာရောက်ကစားမည့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်း ခြေစမ်းပွဲများအတွက် လက်မှတ်များကို လာမည့် မေလ ၃ ရက်မှစတင်ကာ  ရောင်းချပေးသွားမည်ဟု သိရသည်။

အင်္ဂလန် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်း၊ MNL All Stars အသင်းနှင့် မြန်မာ့လက်ရွေး စင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည့် AYA Bank Tour 2018 အထူးခြေစမ်းပွဲစဉ်များကို လာမည့် မေလ ၉ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။

ထို့ကြောင့် AYA Bank Tour 2018 ၏ ပွဲစဉ်တစ်ခုဖြစ်သော ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားမည့် MNL All Stars နှင့် လိဒ်ယူနိုက်တက်ပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို လာမည့် မေလ ၃ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ခွဲများနှင့် သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းတို့တွင် ရောင်းချပေးသွားမည်ဖြစ်သည်။ လှည်းတန်း စင်တာတွင်လည်း မေလ ၆ ရက်နေ့မှ စတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်) MFF မှ ထုတ်ပြန်ထားသည်။

MNL All Stars နှင့် လိဒ်ယူနိုက်တက် ပွဲစဉ်အား လာမည့် မေလ ၉ ရက်၊ ညနေ ၆ နာရီအချိန်၊ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထား များအဖြစ် ရိုးရိုးတန်း ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်နှင့် အထူးတန်း ၄၀၀၀ ကျပ် သတ်မှတ်ထားသည်။

ထို့ပြင် လာမည့် မေလ  ၁၁ ရက်နေ့၊ ညနေ ၆ နာရီအချိန်၊ မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ကျင်းပမည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် လိဒ်ယူနိုက်တက် အသင်းတို့ ခြေစမ်းပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကိုမူ မေလ ၅ ရက်နေ့မှ စတင်ကာ မန္တလေးမြို့ရှိ ဧရာဝတီဘဏ်ခွဲများတွင်လည်းကောင်း၊ မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ တွင်လည်းကောင်း ရုံးချိန်အတွင်း ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်။ မန္တလာသီရိကွင်းပွဲစဉ် အတွက် ရိုးရိုးတန်း ၂၀၀၀ ကျပ်နှင့် အထူးတန်း ၃၀၀၀ ကျပ် သတ်မှတ်ထားသည်။

AYA Bank Tour 2018 အဖြစ် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အင်္ဂလန်ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက် အသင်းခြေစမ်းပွဲများ လာရောက်ကစားခြင်း ဖြစ်သည်။

အဆိုပါပွဲစဉ်များအား မြန်မာ့ဘောလုံးကစားသမားများ၊တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတကာအသင်း များ၊ ဥရောပကလပ်အသင်းများနှင့် ထိတွေ့ကျွမ်းဝင်းခြင်းဖြင့် နိုင်ငံတကာ အတွေ့အကြံုများ ရရှိစေ ရန်၊ တစ်ဦးချင်း ယုံကြည်မှုနှင့် စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီဘဏ်မှ စီစဉ်ပံ့ပိုး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Leeds United အသင်း ၂၀၁၄ တွင် အင်္ဂလိပ်ပရီးမီးယားလိဂ်မှ အဆင့်ကျခဲ့ပြီး ဘဏ္ဍာရေးအကျပ်အတည်းကို နှစ်များစွာ ခံစားနေရကာ ထိပ်တန်းအဆင့် ပြန်တက်နိုင်ရေးအတွက် ရုန်းကန်နေရသည့် အသင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly