တပ်မတော်သားများအပါအဝင် နိုင်ငံဝန်ထမ်းအားလုံး ဧပြီလအတွက်မှ စတင်လစာတိုး

တပ်မတော်သားများအပါအဝင် နိုင်ငံဝန်ထမ်းအားလုံး ဧပြီလအတွက်မှ စတင်လစာတိုး
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ ဧပြီ ၂၉ ။            ။ တပ်မတော်သားများအပါအဝင် နိုင်ငံဝန်ထမ်းများအားလုံးကို ဧပြီလ ၃၀ ရက်မှ စတင်ပြီး လစာတိုးရန် ထုတ်ပြန် ထားသည့်နှုန်းထားများအတိုင်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဧပြီလ ၂၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ဧပြီလအတွက် လစာမှ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ပြီး တပ်မတော် ကြည်း၊ ရေ၊ လေ ၀န်ထမ်းများလည်း ပါ၀င် ကာ  "ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂၀၁၈ ခုနှစ် ဧပြီလ အတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်"ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

"တပ်မတော်သားတွေကလည်း နိုင်ငံ့ဝန်ထမ်းပဲလေ။  သူတို့လည်း ပါပါတယ်ဗျ၊ပင်စင်က စာပိုဒ်(၄)မှာ ပါ ပါတယ်ခင်ဗျ။ အငြိမ်းစားဝန်ထမ်းပင်စင်လစာတို့ဘာတို့ စာပိုဒ်(၄)မှာ ထည့်ရေးထားပါတယ်"ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာ၊ ဌာနတွင်းခန့်အပ်ထားသည့်ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းတို့အား သီးခြားထပ်မံထုတ်ပြန်သွားမည်ဟု ဖော်ပြထားသည်။

နိုင်င့ံဝန်ထမ်းများ၏ လစာနှုန်းထား တိုးမြှင့်ပေးရန် ဧပြီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းအဝေး (၇/၂၀၁၈)၌ အတည်ပြုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပြည်ပတွင်တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများနှင့် နိုင်ငံခြားရေးဝန်ထမ်းများသည် လက်ရှိ လစာနှုန်းထားများအတိုင်း နိုင်ငံခြားသုံးငွေဖြင့်လစာကို ဆက်လက်ထုတ်ယူရမည်ဖြစ်သည်။ သို့ရာတွင် တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိချိန်မှ လစာနှုန်းထားအသစ်ကို ခံစားရမည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဧပြီလ ၁၇ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် အမှုထမ်းဝန်ထမ်းများ၏ လစာကို ၂၀ ရာခိုင်နူန်း၊ အရာထမ်းဝန်ထမ်းများအားလုံး၏လစာကို ၁၀ ရာခိုင်နူန်းတိုးမြှင့်ပေးမည်ဟု ပြောကြားခဲ့ပြီး ဧပြီလ ၃၀ ရက်တွင် စတင်အသက်ဝင် ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly