အမှိုက်ကင်းစင်စေရန် ရည်ရွယ်ပြီး စမ်းချောင်းတစ်ဝိုက် လူအင်အား ၂၅၀ ဖြင့် အမှိုက်ကောက်

အမှိုက်ကင်းစင်စေရန် ရည်ရွယ်ပြီး စမ်းချောင်းတစ်ဝိုက် လူအင်အား ၂၅၀ ဖြင့် အမှိုက်ကောက်

ရန်ကုန်၊ ဧပြီ ၂၉ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းတံတားအနီး ပဒုမ္မာပန်းခြံတွင် မြို့နယ်စည်ပင်နှင့် ပူးပေါင်းပြီး လူအင်အား ၂၅၀ ခန့်ဖြင့် ဧပြီလ ၂၉ ရက်နေ့၌ အမှိုက်ကောက်ခဲ့ကြသည်။

မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း(Myanmar-Japan SEDA) မှ လူ ၁၅၀ ဦး၊ ဂမုန်းပွင့်ကုမ္ပဏီမှ လူ ၆၀ ဦးတို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်းပါ၀င်ကာ စုစုပေါင်း လူအင်အား ၂၅၀ ခန့်ဖြင့် အမှိုက်ကောက်ခဲ့ကြခြင်းဖြစ်သည်။

"Pilot Project အနေနဲ့ စမ်းချောင်းကိုစလုပ်ကြည့်တယ်ပေါ့ စမ်းချောင်းလုပ်ကြည့်လို့အဆင်ပြေတယ်ဆိုရင် ရန်ကုန်တိုုင်းထဲမှာရှိတဲ့မြို့နယ်တွေ ရပ်ကွက်တွေကို ကော်ပီကူးသွားတာပေါ့ ။ Pilot Project ကိုလုပ်ကြည့်တဲ့ အချိန်မှာဘာပြဿနာတွေထွက်လာနိုင်လဲ ဆိုလိုတဲ့သဘောက လူတိုင်းဘယ်လိုကျင့်ကြံနိုင်လဲ။ ဒါကို စိတ်ပါ၀င်စားစွာ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့အချက်ကို"ဟု မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အသင်း(Myanmar-Japan SEDA) မှ ဒုဥက္ကဋ္ဌ ဦးအေးမင်း က ပြောသည်။

၄င်းပဒုမ္မာပန်းခြံမှစတင်၍ အေ၊ ဘီ၊ စီ၊ ဒီ အုပ်စုလေးခုခွဲကာ ဗားကရာလမ်းတစ်လျှောက်နှင့် စမ်းချောင်းစျေးများ အထိ အမှိုက်ကောက်ခဲ့ကြသည်။

"အားလုံးကတော့စည်းကမ်းရှိဖို့လိုတာပေါ့နော်။ ဒီလိုပဲအသိပညာပေးရတဲ့အတွက်ဝမ်းသာပါတယ်"ဟု ပါ၀င် အမှိုက်ကောက်သူ စေတနာ့ဝန်ထမ်း ကိုသိန်းဖြိုးက ပြောသည်။

ယခုကဲ့သို့ ရန်ကုန်မြို့တွင် အမှိုက်ကကောက်ပွဲများပြုလုပ်တိုင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပါ၀င်ဆောင်ရွက်နေပြီး အမှိုက်နှင့်လူအင်အားမမျှသော်လည်း အတက်နိုင်ဆုံးအမှိုက်သိမ်းပေးနေသည်ဟု အနောက်ပိုင်းခရိုင်စည်ပင်သာယာရေးကော်မတီ၏ ဌာနခွဲမှူး ဦးမြင့်ဆွေ က ပြောသည်။

"အချိုးမညီပါဘူး ဆရာတို့ဌာနကလူအင်အားနဲ့ ရန်ကုန်မြို့ကြီးကထွက်တဲ့အမှိုက်နဲ့ အချိုးမညီတာ ဖွတာများပါတယ် ။ အမှိုက်ထွက်နှုန်းများပါတယ်။ ဆရာတို့က သုံးချိုးတစ်ချိုးလောက်ကို လိုက်သိမ်းပေးနေ ရတာပေါ့။  ဥပမာ လူတစ်ရာဖွတဲ့အမှိုက်ကို လူတစ်ယောက်နဲ့ လိုက်သိမ်းပေးနေရတဲ့သဘောပေါ့။ အဲဒီ သဘောသဘာဝတော့ ရှိတာပေ့ါ"ဟု အနောက်ပိုင်းခရိုင်စည်ပင်သာယာရေးကော်မတီမှ ဦးမြင့်ဆွေ က ပြောပြသည်။

စျေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားသည့်ပန်းခြံများတွင် အမှိုက်အများဆုံးထွက်ရှိနေသည်ကို တွေ့ရသည်ဟု ၄င်းကဆက်ပြောသည်။

မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း(Myanmar-Japan SEDA) အသင်းသည် ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ကာ ယခင်က ဆေးရုံများတွင် သန့်ရှင်းရေးလုပ်ငန်းများကို အခမဲ့လိုက်လံဆောင်ရွက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly