ထိန်ပင်အမှိုက်ပုံမီးအတွက် ထိုင်းနိုင်ငံမှ နည်းပညာအကူအညီတောင်းထား

ထိန်ပင်အမှိုက်ပုံမီးအတွက် ထိုင်းနိုင်ငံမှ နည်းပညာအကူအညီတောင်းထား
ဓာတ်ပုံ ဦးဖြိုးမင်းသိန်းဖေ့ဘွတ်စ်

ရန်ကုန်၊ ဧပြီ ၂၈ ။          ။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင်လောင်ကျွမ်းလျှက်ရှိသည့် လှိုင်သာယာအမှိုက်ပုံမီးကို ငြှိမ်းသတ်ရန် အကူအညီတောင်းခံခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံမှ Bio Foam မီးသတ်ဆေး ကျွမ်းကျင်ပညာရှင်များ လာရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောသည်။

၄င်းပညာရှင်များသည် Bio Foam အသုံးပြုကာ မီးငြှိမ်းသတ်ရေးနှင့်ပတ်သတ်၍ လာရောက်ကူညီဆောင်ရွက် ပေးခြင်းဖြစ်သည်ဟု ဦးမြတ်မင်းသူက ပြောသည်။

"ဘယ်လိုကြောင့်ရောက်လာခဲ့တာလဲဆိုတော့ သူတို့နိုင်ငံမှာမီးလောင်မှုဖြစ်စဉ်တွေဖြစ်ခဲ့ဖူးတယ်ပေါ့။ ဒီလိုမျိုး ဟာတွေနဲ့ပတ်သတ်ပြီးဒီပုဂ္ဂိုလ်တွေကလည်းလုပ်ခဲ့ဖူးတယ်ဆိုတော့ တစ်ဖက်ကလည်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ကအကူအညီတောင်းလိုက်တော့ သူတို့ကဒီလိုရောက်လာပြီးတော့ ဆောင်ရွက်တဲ့အခြေအနေပေ့ါ" ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ထိုင်းနိုင်ငံမှနည်းပညာအကူအညီပေးရန်ရောက်ရှိလာသည့် Bio-Foam မီးသတ်ဆေး ကျွမ်းကျင်ပညာရှင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ထိန်ပင်အမှိုက်ပုံအား အမြန်ဆုံး မီးနှင့်မီးခိုးငြိမ်းသတ်နိုင်ရေးအတွက် ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လာရောက်တွေ့ဆုံခဲ့ ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဖေ့ဘွတ်စ်စာမျက်နှာ၌ ဖော်ပြထားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန်ဦးမောင်မောင်စိုး တို့အပါအဝင် တိုင်းဒေသကြီးအစိုးရဝန်ကြီးများနှင့် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ မှာယူထားရသည့် Bio Foam အတွက် ပိုက်ဆံကုန်ကျမှုများပြားသော်လည်း မီးငြှိမ်းသတ်ရန်နှင့် မီးခိုးမထွက်ရန်က ပိုမိုအရေးကြီးသဖြင့်ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဦးမြတ်မင်းသူက ပြောသည်။

ပထမအသုတ်မှာယူခဲ့သည့် Bio Foam ဂါလန် ၂၀၀၀ မှာ ဧပြီလ ၂၇ ရက်နေ့၌ စတင်အသုံးပြုခဲ့ကာ ဧပြီလ ၂၈ ရက်နေ့ ညပိုင်းတွင်လည်း ထပ်မံမှာယူထားသည့် ဂါလန် ၅၀၀၀ ရောက်ရှိလာမည်ဖြစ်သည်။

"လက်ရှိအခြေအနေက တော်တော်ကြီးကိုတော့ ထိန်းနိုင်သွားပြီလို့ပြောရမှာပေါ့လေ ။ ဒါပေမယ့် လက်ရှိ မီးလောင်ပြင်ထဲမှာတော့ မီးတွေအောက်ကငွေ့ငွေ့နဲ့လောင်ပြီးရှိနေဆဲပဲ။ မီးလောင်ပြင်နေရာက တအား ကျယ်တယ်ဆိုတော့လေ"ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

Bio Foam ကို ယမန်နေ့ ဧပြီလ ၂၈ရက်နေ့တွင် ဖြန်းပက်ခဲ့သည်မှာ ထိရောက်မှုရှိကြောင်းတွေ့ရပြီး ရေ နှင့် Bio Foam နှိုင်းယှဉ်ဖြန်းပတ်ရာတွင် ရေနှင့်ဖြန်းသည်က ပိုမိုအချိန်ယူ၍ အငွေ့ထွက်များသည်ကို တွေ့ခဲ့ရသည်ဟု ဦးမြတ်မင်းသူက ပြောသည်။

လူတိုင်းသိနေသည့် လှိုင်သာယာအမှိုက်ပုံမီးလောင်မှုကိစ္စကို မလိုအပ်ဘဲ မြန်မာသိက္ခာအကျခံကာ နိုင်ငံခြားမှ အကူအညီမယူလိုကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး က ဧပြီလ ၂၅ ရက်နေ့၌ လာရောက်ကြည့်ရှု့ စဉ် မီဒီယာများကို ပြောခဲ့သည်။

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံရှိမီးသည် ဧပြီလ ၂၁ ရက်နေ့မှစတင်ကာလောင်ကျွမ်းခဲ့ပြီး ၄င်းအမှို်က်ပုံ မီးမှထွက်ရှိသော မီးခိုးများကြောင့် လှိုင်သာယာမြို့နယ်၊ တာမွေမြို့နယ်၊ အင်းစိန်မြို့နယ်တို့၏ လေထုထဲတွင် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုင်ဒရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် အမှုန်အမွှားပါ၀င်မှုများ မြှင့်တက်နေကြောင်း စိမ်းလမ်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly