ဂျေရုဆလင်က အမေရိကန်သံရုံး ဖွင့်လှစ်ပွဲသို့ တက်ရောက်ရန် ထရမ့် စဉ်းစားနေ

ဂျေရုဆလင်က အမေရိကန်သံရုံး ဖွင့်လှစ်ပွဲသို့ တက်ရောက်ရန် ထရမ့် စဉ်းစားနေ

 

ဂျေရုဆလင်၊ ဧပြီ ၂၈ ။             ။ အစ္စရေးနိုင်ငံ တဲလ်အဗစ်မှာ ဂျေရုဆလင်သို့ ရွှေ့ပြောင်းနေသည့် အမေရိကန်သံရုံး ဖွင့်ပွဲသို့ တက်ရောက်ရန် လာမည့်လတွင် အစ္စရေးနိုင်ငံသို့ သွားရောက်ရေး စဉ်းစားလျက်ရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂၇ ရက်တွင် ပြောသည်။

“သွားဖြစ်လောက်တယ်။ ဒီအတွက် ကျွန်တော်က အရမ်းဂုဏ်ယူနေတာ။”ဟု အိမ်ဖြူတော်သို့ ရောက်ရှိသည့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တဲလ်အဗစ်ရှိ အမေရိကန်သံရုံးအား ဂျေရုဆလင်သို့ ရွှေ့ပြောင်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနအား ထရမ့်က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်သော လုပ်ဆောင်ချက်လည်း ဖြစ်သည်။

ထိုလုပ်ဆောင်ချက်သည် ဂျေရုဆလင်၏ တည်ရှိမှုနှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့်သာ ဆုံးဖြတ်ရမည်ဆိုသော နိုင်ငံတကာ၏ အများဘုံဆန္ဒအတွက် စိန်ခေါ်မှု ဖြစ်သွားစေသည်။

ဂျေရုဆလင်တွင် လက်ရှိ မည်သည့်နိုင်ငံကမှ သံရုံးဖွင့်လှစ်ထားခြင်း မရှိပေ။ ၁၉၆၇ ခြောက်ရက်တာ စစ်ပွဲပြီးချိန်မှစကာ အစ္စရေးတို့က ပါလက်စတိုင်းပိုင် အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု နိုင်ငံတကာက လက်ခံထားချိန် ဂျေရုဆလင်ထံ သံရုံးရွှေ့ပြောင်းဖွင့်လှစ်မှုသည် အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုလိုက်ရာ ရောက်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly