၂၀၂၀တွင် အထည်ချုပ်လုပ်ငန်းမှ အလုပ်ကိုင် ၁သန်း ခွဲ ပေါ်ပေါက်လာရန် မြန်မာမျှော်မှန်း

၂၀၂၀တွင် အထည်ချုပ်လုပ်ငန်းမှ အလုပ်ကိုင် ၁သန်း ခွဲ ပေါ်ပေါက်လာရန် မြန်မာမျှော်မှန်း

ရန်ကုန်၊ ဧပြီ ၂၈ ။                    ။ လာမည့် ၂၀၂၀ ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်း  ၁ ဒသမ ၅ သန်းအထိ ပေါ်ပေါက်ရရှိလာရန် ခန့်မှန်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ဧပြီလ ၂၈ ရက်က Chatrium Hotel တွင် ပြုလုပ်သည့် အထည်ချုပ်ကဏ္ဍအတွက် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင်အသိပေးရှင်းလင်းပွဲ တွင်  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။

"အထည်ချုပ်ကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးနေတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။လာမည့် ၂၀၂၀ မှာ အထည်ချုပ်ကဏ္ဍက အလုပ်သမား (၁)သန်းမှ (၁ ဒသမ၅) သန်းအထိ အလုပ် လုပ်ကိုင်နိုင်မယ့်အခွင့်အလမ်း တွေ ပေါ်ပေါက်လာမည်လို့ ခန့်မှန်းထားပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

အလားတူ အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံမှ ၁၀ ဘီလီယံ အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အလုပ်လုပ်ကိုင်နေသည့် လုပ်သားပေါင်း (၅)သိန်းနီးပါး ရှိနေပြီး လုပ်ငန်းအလျင်အမြန်တိုးတက်မှုကြောင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်မှာလည်းများပြားလာကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကဆိုသည်။

"ဒီလုပ်သားအင်အားကို ကျွန်တော်တို့ယနေ့ Virgin(လုပ်သားသစ်)ဖြစ်နေတဲ့လုပ်သားတွေကိုကျွန်တော်တို့က Semi Skill ရအောင် ကျွန်တော်တို့မြန်မာနိုင်ငံလုပ်ငန်းရှင်များအသင်း သင်တန်းကျောင်းကနေလည်း မွေးထုတ် နေပါတယ်။ ကျွန်တော်တို့နဲ့အတူလက်တွဲပြီးတော့ ပညာရေးဝန်ကြီးဌာနကနေပြီးတော့ကူညီပံ့ပိုးပါတယ်။ဒီထက် ပိုပြီးတော့နယ်စပ်ရေးရာဝန်ကြီးဌာနကနေ တစ်ထောင့်တစ်အားက သင်တန်းတွေဖွင့်လှစ်ပေးနေပါတယ်။ ဒီအ တွက်ကြောင့်ကျွန်တော်တို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းကြီးရဲ့ လုပ်သားလိုအပ်ချက်က များပြားနေတဲ့ဟာ ကို ကျွန်တော်တို့ တက်နိုင်တဲ့ဘက်ကနေပြီးတော့ဖြည့်ဆည်းပါတယ်" ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် အသင်း ဒုတိယဥက္ကဌ ဦးကျော်ဝင်း က ဆိုသည်။

၂၀၁၇-၁၈  ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အထည်ချုပ်ကဏ္ဍ ပြည်ပပို့ကုန်တန်ဖိုးအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တင်ပို့နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်ခဲ့သော်လည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly