အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်ကို မန္တလေးတိုင်းတရားလွှတ်တော်သို့ တရားစွဲဆိုတင်ပို့

အဂတိလိုက်စားမှုဖြင့် FDA ညွှန်ချုပ်ကို မန္တလေးတိုင်းတရားလွှတ်တော်သို့ တရားစွဲဆိုတင်ပို့
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

ရန်ကုန် ၊ ဧပြီ ၂၈ ။                    ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ယမန်နေ့ ဧပြီလ ၂၇ နေ့ရက်စွဲဖြင့် တရားစွဲဆိုတင်ပို့ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ စီမံကိန်းများနှင့် ပတ်သက်၍ အဆောက်အဦများ အရည်အသွေး ပြည့်မီမှုမရှိခြင်း၊ ဌာနအကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲနေခြင်းများကို ဖော်ထုတ်စစ်ဆေး ပေးပါရန် တိုင်ကြားလာမှုအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် အဂတိလိုက်စားမှုပေါ်ပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါက်တာသန်းထွဋ် အနေဖြင့် နေပြည်တော် FDA ဓါတ်ခွဲခန်းအဆောက်အအုံ(၂)လုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံး(၁၂)ခုအား ဆောက်လုပ်ခွင့် တင်ဒါရရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ ကျပ်ငွေ သိန်းတစ်ထောင့်ငါးရာကျော် တန်ဖိုးရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများကို လက်ခံရယူခဲ့သည်။

ယင်းသို့ လက်ခံရယူခဲ့သည့် ပစ္စည်းများဖြင့့်  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရှိ ဆောက်လုပ်ဆဲနေအိမ်နှင့် ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အနောက်ဖက်မြေကွက်တွင် ခြံစည်းရိုးကာရန်ခြင်း၊ နေအိမ်၊ ကားဂိုထောင်၊ ဂိတ်တဲ၊ ရေကူးကန်နှင့် ရေပန်းဆောက်လုပ်ခြင်းတို့တွင် အသုံးပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမည်ဖြစ်ပြီး ငွေဒဏ်လည်းချမှတ်ခံရမည်ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရသည့် ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှစ်ဦးကို ပြီးခဲ့သည့်  ဧပြီလ ၂၆ ရက်၊မွန်းလွဲပိုင်းက မန္တလေးတိုင်းတရားလွှတ်တော်မှ ထောင်ဒဏ် ၁၀ နှစ် စီချမှတ်ထားသည်။

ဦးဝင်းမြင့်အနေဖြင့် သမ္မတတာဝန်ယူအပြီးနောက် ပထမဆုံးအနေဖြင့် ဧပြီ ၁၁ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့်တွေ့ဆုံစဉ် “ကော်မရှင်အနေဖြင့် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားရန်” သမ္မတဦးဝင်းမြင့်က လမ်းညွှန်ထားသည်။

ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၃၀ရက်က ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်လည်း “အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးနေပြီဖြစ်ပြီး အဆိုပါ ဥပဒေ အတည်ဖြစ်လာပါက ကျော်စောသတင်းရှိသူများကိုပါ စစ်ဆေးမှုများ ပြုလုပ်လာနိုင်ကာ ကော်မရှင်အနေဖြင့် လုပ်သာကိုင်သာ ပိုမိုရရှိလာမည့်အနေအထား ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags