လူငယ်နဲ့ နိုင်ငံရေး ၁

 

လူငယ်တို့ရဲ့မိုးကောင်းကင်ဆိုတာ တကယ်တော့ ကျယ်ပြောလွန်းလှပါတယ်။ ဒိီိမိုးကောင်းကင်အောက်မှာ အကြောင်းအရာအမျိုးအစားဆိုတာ တမျိုးတည်းမရှိဘဲ အမျိုးအစားကွဲတွေ အများကြီးရှိပါတယ်။ အရောင်မတူ၊ အကြောင်းအရာမတူ၊ အသံမတူ၊ အရွယ်အစားမတူ၊ ထုနဲ့စောက် မတူ၊ လားရာမတူ၊ စုဖွဲ့မှုမတူ၊ အသံမတူ၊ အစရှိသဖြင့် မတူတာတွေအားလုံးဟာ အဲဒီ လူငယ်တို့ရဲ့ မိုးကောင်းကင်အောက်မှာ ရှိနေကြပါတယ်။ ကျနော်တို့ဟာ အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး လူငယ်တို့ရဲ့ မိုးကောင်းကင်အောက်က အဖြစ်အပျက်အကြောင်းအရာတွေကို   လေ့လာကြရင်းနဲ့ လူငယ်တို့ရဲ့မိုးကောင်းကင်အောက်မှာ လူငယ်တွေဟာ ကိုယ့်ဘဝကို ဘယ်လိုဝန်ရိုးပေါ်မှာ လည်ပတ်စေရင်ကောင်းမလဲ၊ ကိုယ်နဲ့ ဘယ်ဝန်ရိုးက သင့်တော်မလဲ၊ အစရှိတဲ့ ဘဝနေထိုင်ရွေးချယ်မှုအနုပညာကို လေ့လာကြ ရွေးချယ်ကြစေဖို့ ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့တော့ လူငယ်နဲ့နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျနော်တို့ဆွေးနွေးကြဖို့ ရှိပါတယ်။

ပထမဦးစွာ နိုင်ငံရေးဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကို ဆွေးနွေးကြည့်ကြရအောင်ပါ။

နိုင်ငံရေးဆိုတာ လူတွေရဲ့ စားဝတ်နေမှုအစုစုကို နိုင်ငံရေးပဲဖြစ်တယ်လို့ ယေဘုယျနားလည်ထားကြတာတော့ရှိပါတယ်။ လူတွေရဲ့ဘဝကို နိုင်ငံရေးဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။ ဒီအဖြေဟာ မမှန်ဘူးလားဆိုတာတော့ မှားတယ်လို့တော့မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ယျေဘုယျဆန်မနေပေဘူးလား။ သည့်ထက် နည်းနည်းရှေ့တိုးဆွေးနွေးဖို့ကော မလိုတော့ဘူးလား။

ဥပမာ မော်တော်ကားအသစ်တစ်စင်း တပ်ဆင်တဲ့အလုပ်ဆိုပါတော့ ဒါလည်း လူ့ဘဝစားဝတ်နေရေးထဲက အလုပ်တစ်ခုဖြစ်တာမို့ ဒါလည်းနိုင်ငံရေးပဲဆိုပါတော့။ ပြောလို့ရပါတယ်။ ဒါပေမယ့် သူ့မှာ သီးခြားထူးခြားချက်လက္ခဏာတွေ ရှိနေတာတော့ သတိပြုကြရမယ် အသိအမှတ်ပြုကြရမယ်ထင်ပါတယ်။

မော်တော်ကားအသစ်တစ်စင်းဖြစ်လာဖို့ ကားကိုယ်တိုင်အပိုင်းအစတွေ၊ အင်ဂျင်အပိုင်းအစတွေ၊ ၀က်ဝူတစ်ချောင်း ၀ါရှာတစ်ခုကအစ တီထွင်ပေါင်းစပ်ရတဲ့ အလုပ်ဟာ တခြားအလုပ်တွေနဲ့မတူတဲ့ သီးခြားဝိသေသကိစ္စရပ်တွေပါပဲ။ သီးခြားဝိသေသကိစ္စရပ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဘာကြောင့်လဲ။

ဥပမာ စျေးသည်တစ်ယောက် စျေးရောင်းတယ်ဆိုပါစို့။ သူက သူ့ပစ္စည်းကောင်းတဲ့သစ်တဲ့အကြောင်း ၀ယ်ယူသူစိတ်ဝင်စားအောင်ပြောတတ်ရမယ်။ ကိုယ်ရောင်းမယ့်ပစ္စည်းတွေကို စနစ်တကျခင်းကျင်းပြသထားတတ်ရမယ်၊ စျေးဝယ်သူ စိတ်ချမ်းသာကျေနပ်ရလေအောင် စကားပြောယဉ်ကျေးရမယ်။ အဲဒီလိုလုပ်တတ် ပြောတတ်တဲ့အလုပ်တွေဟာ စျေးသည်တစ်ယောက် တခြားဘယ်သူနဲ့မှမတူတဲ့ သီးခြားဝိသေသကိစ္စရပ်တွေပါပဲ။

နောက်ထပ် ဥပမာတစ်ခုပြောပါဦးမယ်။ ကျောင်းဆရာတစ်ယောက်ရဲ့ စာသင်တဲ့အလုပ်ဆိုပါတော့။

သူ့ကြတော့ ကျောင်းသားတွေကို ဘယ်လိုနားလည်အောင်သင်ရမလဲဆိုတာ စဉ်းစားပြီးမှသင်ရတယ်။ ကျောင်းသားတစ်ဦးချင်းစီရဲ့ ပညာရေးအခြေအနေ သင်ယူတတ်မှုအခြေအနေနဲ့ စိတ်ဓါတ်အခြေခံကအစ လေ့လာရတယ်။ တခန်းလုံးကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာအပြင် ကျောင်းသားတစ်ဦးချင်းစီကိုပါ ထည့်သွင်းစဉ်းစားပြီးမှ သင်ကြားရတယ်။ ကိုယ်သင်တဲ့ဘာသာရပ်အပေါ် ကိုယ်ကိုယ်တိုင်က ကျကျနန နားလည်သိရှိထားသူဖြစ်အောင်လည်း ပြင်ဆင်ရမယ်။ ဒီလိုပြင်ဆင်လုပ်ကိုင်ရတဲ့အလုပ်ဟာ ကျောင်းဆရာတစ်ယောက်အတွက် ဘယ်သူနဲ့မှမတူတဲ့ သီးခြားလက္ခဏာဆောင်တဲ့ ၀ိသေကိစ္စတွေပါပဲ။

ဒါဆိုရင် နိုင်ငံရေးဆိုတာ လူတွေရဲ့ကိစ္စအဝဝ စားဝတ်နေရေးကိစ္စဖြစ်တယ်လို့ ယေဘုယျထားလည်ထားတာလောက်နဲ့ ပြည့်စုံပါတော့မလား။ အဲဒီ နိုင်ငံရေးဆိုတဲ့ အဝန်းအဝိုင်းအတွင်းမှာ တစ်ခုချင်းစီရဲ့ သီးခြားသဘောဆောင်မှုတွေကို လက်မခံလို့ဖြစ်မလား။ မသိဘဲနေလို့ ဖြစ်မလား။ အသိအမှတ်မပြုဘဲနေလို့ ဖြစ်မလား။ နိုင်ငံရေးဆိုတာ လူတွေရဲ့စားဝတ်နေရေးကိစ္စကြီးသာဖြစ်တယ်ဆိုတာလောက်နဲ့ နိုင်ငံရေးအပေါ် အဲဒီလောက်အသိနဲ့ ကျနော်တို့ ရပ်ပစ်လိုက်လို့ဖြစ်မလား။ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ရှင်းလောက်ပြီလို့ထင်ပါတယ်။

ဒါကြောင့်မို့ ကျနော်တို့ပြောကြဆိုကြတာ ရှိပါတယ်။ သစ်တောကြီးကိုသာမြင်ပြီး သစ်ပင်တစ်ပင်ချင်းစီ နားလည်မထားရင်လည်း မဖြစ်ပါဘူးဆိုတဲ့စကားလိုပါပဲ။ ယေဘုယျသဘောကိုနားလည်သလို အဲဒီယေဘုယျအတွင်းက မတူညီတဲ့ သီးခြားသဘောဆောင်တဲ့ အစိပ်အပိုင်းတွေကိုလည်း ကျနော်တို့ ပေါ့လိုက်လို့မဖြစ်ပါဘူး။ အဲသလို တစ်ခုချင်းစီရဲ့သီးခြားသဘောဆောင်တဲ့ ၀ိသေသလက္ခဏာတွေအပေါ် ကျနော်တို့က ဖေါ့ပြီး ပေါ့ပြီး စဉ်းစားထားရင် ကျနော်တို့ ရွေးချယ်ရမယ့် နိုင်ငံရေးဟာ ကိုယ်နဲ့သင့်တော်ရဲ့လား၊ ကိုယ်ရွေးချယ်သင့်တဲ့ နိုင်ငံရေးဟုတ်ရဲ့လား အစရှိတဲ့ ရွေးချယ်မှုကိစ္စတွေမှာ မှားတော့မှာပါပဲ။ ဝေဝေဝါးဝါးဖြစ်တော့မှာပါပဲ။ သေချာတာကတော့ အဲသလို သီးခြားသဘောဆောင်တဲ့လက္ခဏာတွေကို အလေးအနက်မထားတော့ ကိုယ်မရွေးချယ်သင့်တဲ့နိုင်ငံရေးမှန်းမသိနိုင်တော့ဘဲ အဲဒီ ကိုယ်နဲ့မကိုက်ညီသင့်တဲ့နိုင်ငံရေးကိုပဲ အာရုံစိုက်ထားမိပြီး ကိုယ့်နိုင်ငံရေးရွေးချယ်ရပ်တည်မှုတွေဟာ မီးခိုးကြွက်လျှောက် မှားကုန်တော့မှာပါပဲ။

တချို့ကြတော့လည်း သစ်တစ်ပင်ချင်းစီကို လိုက်ကြည့်ရင်းနဲ့ သစ်တောကြီးကို ခြံုငုံမစဉ်းစားမိတာမျိုးလည်း ရှိတတ်ပြန်ပါသေးတယ်။ ဒါလည်း နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ သစ်တောကြီးကိုသာမြင်ပြီး သစ်တစ်ပင်ချင်းစီမြင်အောင်မကြည့်နိုင်သူလို အကျိုးသက်ရောက်မှုကတော့ အတူတူပါပဲ။

ဥပမာ သစ်တောကြီးတစ်ခုလုံးလို့ဆိုရမယ့် နိုင်ငံရေးအဆောက်အအုံကြီးဆိုပါတော့။ အာဏာရှင်စနစ်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုပါတော့။ အာဏာရှင်တွေထဲမှာ ကိုယ့်အမျိုး၊ ကိုယ့်ဆွေမျိုးသားချင်း ကိုယ့်မိတ်ဆွေသူငယ်ချင်းဖြစ်နေတာမို့ ကိုယ်ဟာ အများရဲ့ဆန္ဒကိုဆန့်ကျင်ပြီး အဲဒီလူအနည်းစုမျက်နှာကိုပဲကြည့်နိုင်မြင်နိုင်တော့တဲ့လူတစ်ယောက်ပဲဆိုပါစို့။ အဲသလို ဘာ့ကြောင့် ဖြစ်ရသလဲ။ သစ်တစ်ပင်ချင်းစီရဲ့ သီးခြားသဘော၊ လူတစ်ယောက်ချင်းစီရဲ့ သီးခြားဝိသေသလက္ခဏာကို ကိုယ်က မှန်မှန်ကန်ကန် မြင်အောင်မကြည့်နိုင်၊ မကြည့်ချင်ဖြစ်ရတာမို့ အဲဒီလူတစ်ယောက်ချင်းစီရဲ့ အကျိုးသက်ရောက်မှုအပေါ် တနည်းအားဖြင့် အဲဒီလူ အဲဒီလူတစ်စုကြောင့် လူများစုကြီးအကျိုးထိခိုက်စေတဲ့ကိစ္စကို ထိုးဖေါက်မမြင်နိုင်တော့ဘဲ၊ အလေးအနက်မထားနိုင်တော့ဘဲ၊ လူများစုကြီးအကျိုးကိုထိခိုက်အောင်လုပ်နေသူတွေဘက်က ရပ်တည်စဉ်းစားမျိုး၊ အဲဒီလူတစ်စုအပေါ်မှာပဲ ကိုယ်ချင်းစာတရားပွားများချင်တာမျိုးဆိုတဲ့ စဉ်းစားချက် ရပ်တည်ချက်တွေကို ရွေးချယ်မိစေပါတော့တယ်။

ကိုယ့်ရွေးချယ်ရပ်တည်မှုဟာ ကိုယ့်ရဲ့မူလအခွင့်အရေးဖြစ်တယ်ဆိုတာမှန်ပေမယ့် ရွေးချယ်သင့်တဲ့ရပ်တည်ချက်ဟုတ်ပါရဲ့လားဆိုတာကြတော့ မစဉ်းစားနိုင်အောင်ဖြစ်တတ်ပါတယ်။

လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စရပ်တချို့အပေါ်မူတည်ပြီး ကျနော်တို့ စဉ်းစားဝေဖန် ဆွေးနွေးလို့ ရပါတယ်။ ဥပမာ ဟိုတလောက ဖြစ်ပွားခဲ့တဲ့ ရဲဝန်ထမ်းမိသားစုအကြောင်းကိစ္စမျိုးဆိုပါစို့။

ကျနော်တို့ဟာ အဲဒီမိသားစုအပေါ်မူတည်ပြီး သဘောထားအမြင်အမျိုးမျိုးကို ကြားခဲ့ကြရတာ အားလုံးအသိပါပဲ။ အဲသလိုဘာကြောင့်ဖြစ်ကြရတာလဲ။ ကျနော်တို့ဟာ နိုင်ငံရေးဆိုတာ လူတွေရဲ့အမျိုးမျိုးသော စားဝတ်နေရေးကိစ္စကြီးလို့ မြင်တာချင်းတူကြပေမယ့် တနည်းအားဖြင့်ပြောရရင် သစ်တောကြီးတစ်ခုလုံးကို ခြံုပြီးမြင်နိုင်ကြတာချင်းတူပေမယ့် အဲဒီသစ်တောကြိီးထဲက သစ်တစ်ပင်ချင်းစီရဲ့ သီးခြားလက္ခာတွေ ၀ိသေသကိိိစ္စတွေကိုကြတော့ ထဲထဲဝင်ဝင် လေ့လာကြတဲ့အခါကြတော့ ကိုယ့်လေ့လာအားအပေါ်မူတည်ပြီး ကိုယ့်နှလုံးသားဓါတ်ခံအပေါ်မူတည်ပြီး အထူအပါးမတူကြတာဖြစ်လို့ အမြင်တွေမတူနိုင်အောင်ဖြစ်ကြရတဲ့သဘောပါပဲ။

စိတ်မကောင်းစရာအကောင်းဆုံးက တချို့အမြင်တွေဟာ တစ်ခုနဲ့တစ်ခု အရှေ့နဲ့အနောက်လို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကြရတဲ့ အမြင်တွေကို ကြားရတဲ့အခါ ကျနော်တို့မှာ စိတ်မချမ်းမြေ့နိုင်ခဲ့ကြပါဘူး။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

နောက်ပိုင်းမှာ နိုင်ငံရေးဆိုတဲ့ လူတွေရဲ့စားဝတ်နေမှု အဝန်းအဝိုင်းကြီးအတွင်း တစ်ခုချင်းစီရဲ့ သိီးခြားဝသေသကိစ္စတွေအပေါ် အကောက်အယူမှုအပေါ်မူတည်ပြီး လူတွေ လေးစားချစ်ခင်အပ်တဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်လာကြပုံနဲ့ လူတွေ ကြောက်ရွ့ံမုန်းတီးကြတဲ့ လူပုဂ္ဂိုလ်တွေဖြစ်လာရပုံကို ဆက်ပြီး ဆွေးနွေးပါဦးမယ်။

လူငယ်တို့ရဲ့ မိုးကောင်းကင် ဖြူစင်တောက်ပ နိုင်ကြပါစေဗျား။

 

Mizzima Weekly