ရာသီကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် အင်နီယေစတာ

ရာသီကုန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် အင်နီယေစတာ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းခေါင်းဆောင်နဲ့ ကြယ်ပွင့်ကစားသမား အင်နီယေစတာဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သောကြာနေ့က ဝမ်းနည်းစွာဖြင့် ကြေညာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ ၁၆ ရာသီအတွင်း ၆၆၉ ပွဲကစား၊ ဆုဖလား ၃၁ ခု ဆွတ်ခူးခဲ့ပြီး စပိန်အသင်းအတွက် အဓိကဖလား ၃ ခုကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။

တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ အင်နီယေစတာက လာမယ့်ရာသီမှာ သူ ဘယ်နေရာမှာ ကစားသွားမယ်ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

“ဘာကာနဲ့ ပြန်လည်ရင်ဆိုင်တွေ့ဆုံ ကစားရမှာကို ဘယ်တော့မှ မလိုလားဘူး။ ဒါကြောင့် ဥရောပကလပ်တွေမှာ ကစားသွားဖို့ မရှိပါဘူး။ ရာသီကုန်ဆုံးတဲ့အခါမှာ ကျနော်တို့ ဒါကို သိရပါလိမ့်မယ်။ ”လို့ သူက ပြောပါတယ်။

အင်နီယေစာဟာ စပိန်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၈ နဲ့ ၂၀၁၂ ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သလို ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ လာလီဂါဖလား ၈ ကြိမ် (မကြာခင် ၉ ကြိမ်မြောက်ဖြစ်လာဖို့ရှိ) ရရှိခဲ့ပါတယ်။

“ဘာစီလိုနာအသင်းမှာ ကျနော့် တစ်ဘဝလုံးကုန်ဆုံးခဲ့ပြီးချိန် အခုလို နှုတ်ဆက်စကားပြောဆိုဖို့ဖြစ်လာတဲ့အခါ ကျနော့်အတွက် ခက်ခဲတဲ့နေ့တစ်နေ့ပါ။ ဂရုတစိုက် တွေးပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ”လို့ အင်နီယေစတာက ဝမ်းနည်းစွာဖြင့် ပြောဆိုခဲ့တာပါ။

“အင်နီယေစတာလို့ ဖြစ်လာဖို့အတွက် ဘာစီလိုနာနဲ့ လာမာစီယာတို့ရဲ့ ကူညီပ့ံပိုးပေးခဲ့တဲ့အရာတိုင်းအတွက် သူတို့ကို အလွန်ကျေးဇူးတင်မိပါတယ်။”

အင်နီယေစတာဟာ ဒီရာသီ ဘာစီလိုနာအသင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့ပြီး ဆီဗီလာအသင်းကို ၅-၀ ဂိုးနဲ့ နိုင်တဲ့ စပိန်ဘုရင်ဖလားဗိုလ်လုပွဲမှာလည်း ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၅ ပွဲသာ ကစားရန် ကျန်ရှိနေပေမယ့် တနင်္ဂနွေနေ့မှာ ဒီပို့ဒီဗိုအသင်းကို အနိုင်ရရှိပါက အမှတ်ပေးချန်ပီယံဖြစ်တော့မှာဖြစ်ပါတယ်။

သူဟာ ဘာစီလိုနာအသင်းမှာ ၁၉၉၆ ခုနှစ်ကတည်းက ကစားခဲ့တာဖြစ်ပြီး ကစားသမားဘဝသက်တမ်း ၂၂ နှစ် ကြာမြင့်ခဲ့ပါတယ်။

Ref; BBC, EFE

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags