NVC ကဒ်ကိစ္စ နိုင်ငံရေး ပါတီ ၃၀ ကျော်မှ သမ္မတရုံးကို အိတ်ဖွင့်စာပို့

NVC ကဒ်ကိစ္စ နိုင်ငံရေး ပါတီ ၃၀ ကျော်မှ သမ္မတရုံးကို အိတ်ဖွင့်စာပို့

 

ရန်ကုန်၊ ဧပြီ ၂၇ ။                  ။ NVC ကဒ်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ နိုင်ငံရေးပါတီ ၃၀ ကျော်က နိုင်ငံတော်သမ္မထံ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဧပြီ ၂၇ ရက်နေ့မှာ ပေးပို့လိုက်သည်။

 NVC ကိုင်ဆောင်သူတွေကို တစ်နိုင်ငံလုံးသွားလာခွင့်ပြုမည်ဆိုပါက ပြည်ခိုင်ဖြိုးပါတီကနေ ပြင်းပြင်းထန်ထန် ကန့်ကွက် သွားမည်ဟု ပြောဆိုထား ခြင်းလည်းဖြစ်သည်။

" ဒီထဲမှာ ရခိုင်အရေးတွေပါမယ်။ ဖြစ်ပေါ်နေတဲ့ နိုင်ငံတော်အတွက် စိုးရိမ်ဖွယ်ကောင်းနေတဲ့  အခြေနေတွေပါတယ်။ ဒီနေ့ ပြည်သူတွေတွေ့ကြံုနေရတဲ့ ခက်ခဲကျပ်တည်းမှုတွေ ပါတယ်။ ဒီကိစ္စ နဲ့ပက်သက်ပြီးတော့မှ အစိုးရကိုတိုက်တွန်းထားတာ နောက်တစ်ခါ အကြံပြုထားတာ ဒါတွေပါမှာပေါ့ ဒီနေ့ကျွန်တော်တို့ ဆွေးနွေးပြီးသွားပါပြီ မကြာခင်ပဲ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့သွားမှာဖြစ်ပါတယ် " ဟု ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

ဧပြီ ၂၇ ရက်နေ့ ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရုံးချုပ်တွင် နိုင်ငံရေးပါတီ ၃၀ ကျော်နှင့် ဆွေးနွေးအပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ဝင်လာသူတွေ NVC ကဒ် ကိုင်ဆောင်မည်ဆိုပါက ကန့်သတ်ချက်တချို့ကိုလျော့ချပြီး လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဟု ပြောဆိုခဲ့သည့်အပေါ် ပြည်ခိုင်ဖြိုးပါတီနှင့် နိုင်ငံရေးပါတီ ၃၀ ကျော်က ကန့်ကွက်နေခြင်းလည်းဖြစ်သည်။

သို့သော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က NVC ကဒ်ကိုင်ထားယုံဖြင့် နိုင်ငံထဲတွင်  ကြိုက်သည့် နေရာသွားလို့မရသလို နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူတိုင်း အချိန် ၅ လကြာရင် နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုတာ မဟုတ်ဘူးဟု ဧပြီ ၂၅ ရက်တွင်ပြောဆိုခဲ့သည်။

" တစ်ယောက်တစ်ပေါက်ဆိုတော့ ဒါမဖြစ်သင့်ဘူးပေါ့ဗျာ မင်းကျင့်တရား ၁၀ ပါးဆိုတာ မင်းကောင်းတို့မည်သည် ပြောပြီးကားပြန်မပြင်ရဘူးပေါ့။ အခုက ဟိုလူကတစ်မျိုး ဒီလူကတစ်မျိုးဆိုတော့ ရှင်းရှင်းပြောရရင် ကျွန်တော့်အမြင်အရဆို မင်းကျင့်တရား ၁၀ ပါးနဲ့မညီဘူးပေါ့ဗျာ " ဟု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ပါတီ တွဲဖက်အတွင်းရေးမှူး ၂ ဦးခွန်ထွန်းရွှေကပြောသည်။

ယခုကဲ့သို့ ၀န်ကြီးဌာနတစ်ခုနှင့် တစ်ခု၏ ပြောဆိုချက်တွေကွဲလွဲတာက ၀န်ကြီးဌာနအချင်းချင်း ချိတ်ဆက်လုပ်ဆောင်မှု အားနည်းသည် ဆိုတာကိုပေါ်လွင် စေတယ်သည်ဟု ဒေါက််တာနန္ဒာလှမြင့်ပြောသည်။

ထို့ကြောင့် NVC ကဒ်ကိစ္စကို ပြန်လည်စီစစ်နိုင်ဖို့ သမ္မတရုံးကိုအိတ်ဖွင့်စာပေးပို့တဲ့အပြင် လွှတ်တော်မှာလည်း အရေးကြီးအဆိုအဖြစ် တင်သွင်းသွားမည်ဟုသိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့သည့် အိတ်ဖွင့်စာထဲတွင် NVC ကဒ်ကိစ္စအပြင် အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေအနေကိစ္စ တွေအပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ပါ၀င်နေသည်။

၂၀၁၅ ခုနှစ်တုန်းက သက်တမ်းကုန်ဆုံးသွားတဲ့ ၀ိှုက်ကတ်လို့ခေါ်တဲ့ ယာယီသက်သေခံ ကတ်ပြားတွေကို ပြန်လည်အပ်နှံထားသူတွေထဲကမှ နိုင်ငံသားစိစစ်မှု ခံယူမယ့်သူတွေကို NVC ကဒ်ထုတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly