သွေးစွန်းသွားသော ရွှေဖီချိန်နေ့ရက်များ

သွေးစွန်းသွားသော ရွှေဖီချိန်နေ့ရက်များ
ဓါတ်ပုံ- မအေးအွယ်

ဧပြီ ၂၇ ။                  ။ နွေရာသီနေ့လည်ခင်းဆိုသော်လည်း သိပ်မပူ။ ထိုနေ့ကမိုးကောင်းကင်တွင် အုံဆိုင်းလျှက်ရှိသည်။ သိပ်မကြာခင်မှာပင် မည်သည့်ဘက်ကစပစ်လိုက်မှန်းမသိသည့်   သေနတ်သံများတရစပ်ထွက်လာသည်။ လက်နက်ကြီးများပါလာသည်ကိုအသံကိုခန့်မှှန်း၍ သိလာရသည်။

လက်နက်ကြီးကျည်ဆံတစ်ချို့မှာအိမ်ခြေ  ၆၀ခန့်ရှိသည့် တော့ဖယ်ရွာတွင်းသို့ ကျရောက်ထိမှန်လာသည်။ မအေးအွယ် တို့၏ နေအိမ်ဘေးကအိမ်တစ်လုံးမှာလက်နက်ကြီကျည်ကြောင့် မီးလောင်ရာမှ ၄င်းတို့အိမ်ကို ကူးစက်လာသည်။ အိမ်တွင်းတွင် မအေးအွယ် အပြင် အသက် ရ၀ ဆယ်ကျော် မိခင်ဖြစ်သူဒေါ်အေးကျွန်နှင့် သားဖြစ်သူ ၆ နှစ်အရွယ် အိုက်သောတို့လည်း ရှိနေသည်။

အိမ်မီးလောင်၍ မိသားစုသုံးယောက် နေအိမ်ပြင်သို့ထွက်ပြေးလာစဉ် အသက် ရ၀ အရွယ် မိခင်အိုကြီး ဒေါ်အေးကျွန်မှာ လက်နက်ကြီးကျည်စထိမှန်ကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ မအေးအွယ်တစ်ယောက် အဝတ်တစ်ထည် ကို်ယ်တစ်ခုနှင့် ကလေးကို လက်ဆွဲကာ ထွက်ပြေးလာခဲ့ရသည်။

ထိုအဖြစ်အပျက်များသည် လွန်ခဲ့သောမတ်လနောက်ဆုံးပတ် အတွင်းကရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်  တော့ဖယ် ကျေးရွာအနီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအန်းအမျိုးသားလွပ်မြောက်ရေးတပ်မတော် (TNLA)တို့  ၁၁ ရက်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲနေ့ရက်များမှ ၅ ရက်မြောက်နေ့ ဖြစ်စဉ်များဖြစ်ကြောင်း မအေးအွယ်က ပြန်ပြောင်းပြောပြခြင်း ဖြစ်သည်။

“အမေကအိမ်အပြင်ကို အရင်ထွက်သွားတာ အဲဒီမှာလက်နက်ကြီးမှန်တယ် အိမ်ကမီးလောင်သွားတော့ ဘာမှတောင်ယူချိန်မရလိုက်ဘူးဒီအတိုင်းကလေးလက်ကိုဆွဲပြီးပြေးလာရတယ် အမေ့ကိုတောင် ကောင်းကောင်းမွန်မွန်သဂြိုလ်ခွင့်မရခဲ့ဘူး”ဟုမိခင်အားဆုံးရှုံးလိုက်ရသည့် အသက် ၃၅ နှစ်အရွယ် ဒေါ်အေးအွယ်ကပါးပြင်မှ မျက်ရည်စများကိုညာဘက်လက်ဖမိုးဖြင့် သုတ်လိုက်ရင်း ပြောဆိုသည်။

တော့ဖယ်ရွာမှာတအာင်းတိုင်းရင်းသားအများစုနေထိုင်ကြပြိးအိမ်ခြေ ၆၀ ခန့်ရှိရာတိုက်ပွဲများကြားတွင် နေအိမ် ၁၄ လုံးခန့်မီးလောင်သွားသည်။ မအေးအွယ်၏ အမေပါအဝင် အခြားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။ ကျေးရွာသားများဘေးလွတ်ရာသို့ တိုက်ပွဲရှောင်များအဖြစ် ထွက်ပြေးလာခဲ့ရသည်။

ထိုရွာနှင့်သိမ်မဝေးလှသည့် ရှမ်းတိုင်းရင်းသားများအများစုနေထိုင်သည့် မန်စံကျေးရွာတွင်လည်း တိုက်ပွဲနောက်ဆုံးနေ့အပြီး နောက်တစ်ရက်တွင် နေအိမ် ၁၂လုံးမီးလောင်ခဲ့သည်။ ထိုရွာမှ ရွာခံများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် တိုက်ပွဲများဖြစ်ပွားနေသည့်နေရာမျာတွင်  တောင်းပေါ်ဒေသတိုင်းရှင်းသားများ၏ အဓိက အသက်မွေးဝမ်းကြောင်း စီးပွားရေးတစ်ခုဖြစ်သည့် လက်ဖက်စိုက်ခင်းများသည်ရှိနေသည်။ သင်္ကြန်မတိုင်ခင် ကာလမှ စတင်ကာမိုးမကျခင်ထိလက်ဖက်သည် အဆီအနှစ်ကောင်းမွန်စွာထွက်ရှိသည့် ရွှေဖီချိန်ဖြစ်ပြီး ယခုမိုးမကျခင်လက်ဖက် မခူးနိုင်ပါကအညွှန့်ရင့်ကာတစ်နှစ်ပတ်လုံးလက်ဖက်မခူးနိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နိုင်ရသည်ဟုတိုင်ပွဲရှောင်များကပြောဆိုသည်။

ယခုရွှေဖီချိန်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။ လက်ဖက်သည် ၄င်းတို့၏ ပိုက်ဆံဖြစ်သည်။ ပိုက်ဆံဖြစ်သည့်အလျှောက် လက်ဖက်မခူးနိုင်လျှင် ပိုက်ဆံမရသောကြောင့် ဘာသာရေးပွဲလမ်းများလည်း ကျင်းပပြု လုပ်နိုင်မည်မဟုတ်သလိုပညာရေးလူမှုရေးမှစ၍ နိမ့်ကြလာမည်ဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“အခုချိန် ခူးလို့ရမယ့်အချိန်ရောက်ပြီ လက်ဖက်ရင့်လည်းမတတ် နိုင်တော့ဘူး။ ဒီချိန်မခူးရင် ရွှေဖီချိန်က မနိုင်တော့ဘူး လက်ဖက်ကမထွက်တော့ဘူး ရွှေဖီမခူးရရင် တစ်နှစ်လုံးသွားပြီပေါ့ တောင်ပေါ်မှာက ရွှေဖီကိုပဲ အားထားနေရတာ”ဟုသီပေါမြို့နယ် ပန်ခါးရွာမှ တိုက်ပွဲရှောင် ဦးဝင်းမောင်ကပြောသည်။

တိုက်ပွဲများရပ်သွားသည် ဆိုသည်ပင်လျှင် ယင်းဒေသများတွင် တိုက်ပွဲအတွင် ထောင်ခဲ့သည့် မြေမြုပ်မိုင်း ပြဿနာများလည်းရှိနေပြန်သည်။ မတ်လအတွင်းကပင် ကျောက်မဲမြို့နယ်အတွင်းကျေးရွာတစ်ရွာတွင် လက်ဖက်ခံထဲလက်ဖက်ခူးသွားသည့် အမျိးသမီးတစ်ဦးမြေမြုပ်မိုင်းနင်းမိကာအသက်ဆုံးရှုံးခဲ့ရသေးသည်။

“မပေါက်ကွဲသေးတဲ့မိုင်းတွေရှိနေသေးတော့ သူတို့နေမယ့်ပတ်ဝန်းကျင်တွေကိုရှင်းလင်းပေးဖို့လိုတယ် ဒါမှသူတို့ကအသက်ရှင်နေနိုင်မှာဖြစ်တယ် အဲတာကအများကြီးလိုအပ် အရေးလည်းကြီးတယ်” ဟုလားရှိုးအခြေစိုက် တအောင်းအမျိုးသမီးအဖွဲ့မှ မလွေးပိုးကျိန် ကပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံးတွင် လွန်ခဲ့သောမတ်လနောက်ဆုံးပတ်ကတကျော့ပြန်လည် ဖြစ်ပွားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ရာ နေရာအနီးတစ်ဝိုက်မှ ပလောင်၊ ရှမ်း၊ ကချင်၊ ဗမာစသည့် တိုင်းရင်းသားများမှာဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်လာသူများသည် နီးစပ်ရာဘုရားကျောင်းကန်များ၊ ဘာသာရေးအဆောက်အဦများတွင် ခိုလှိုနေကြရပြီးကုသမဂ္ဂလူသားချင်းစာနမှုဆိုင်ရာညှိနှိုင်းရေးရုံး (United Nations OCHA Myanmar)  မှ မတ်လကုန်ပိုင်းက ထုတ်ပြန်သောစာရင်းများအရလူပေါင်း ၃၆၀၀ ကျော်သည် ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နမ့်ဆမ်နှင့် နမ္မတူ မြို့နယ်များတွင် ခိုလှုံနေကြသည်။

တိုက်ပွဲများကြောင့် နေအိမ်များမီးလောင်ခြင်း၊ ဒေသခံများမြေမြုပ်မိုင်းနင်းမိကာအသက်ဆုံးရှုံးခြင်း၊ လက်နက်ကြီးကျည်နှင့် သေနတ်ကျည်ဆံများထိမှန်သေဆုံးခြင်းရခြင်းများအပြင် အိုးပစ်အိမ်ပစ် ထွက်ပြေးလာရခြင်းများကြောင့် ၄င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနိမ့်ကျမှုများနှင့်လည်း ကြုံတွေနေရကြောင်းဒေသခံများကပြောဆိုသည်။

ရှမ်းနှင့်ပလောင်ဆိုသည်မှာရာစုနှစ်ပေါင်းများစွာကတည်းကအတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ “ရှမ်းလည်းပလောင် ပလောင်လည်းရှမ်း” ဟူသောပြောစမှတ်တွင်လှသည့် ဆိုရိုးစကားကို ကြည့်ခြင်းအားဖြင့်ပင်လျှင် မည့်သည့်အတိုင်းအတာထိ ချစ်ခင်စွာနေထိုင်လာကြသည်မှာ ပေါ်လွင်လှကြောင်း ရှမ်းပြည်ဒေသခံတိုင်းရင်းသားအချို့ကပြောသည်။

ထိုသို့ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာနေထိုင်ခဲ့ပြီးသည့်နောက်တွင်  ၂၀၁၅ခုနှစ် နောက်ပိုင်းမှ စ၍ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် (RCSS/SSA)နှင့် (TNLA) ကြားတွင် တိုက်ပွဲများ  စတင်ဖြစ်ပွားခဲ့ပြီးယင်းဒေသနေတိုင်းရင်းသားများသည် တိုက်ပွဲများ၏ ဒဏ်ကိုခံရသူများ ဖြစ်သည်။ ယခု ၂၀၁၈ ခုနှစ် မတ်လအတွင်းတွင် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ယင်းပဋိပက္ခ အတွင်းကျရောက်သည့် ဒေသများမှ ပြည်သူများသည် တိုက်ပွဲရှောင်ကာနေရပ်ကိုစွန့််ခွာခဲ့ရသည်။

“ရှမ်းရွာမှာလည်းအလှူရှိတယ် ပွဲလမ်းသဘင်ဆိုပလောင်ရွာတွေ ဖိတ်တာပဲပလောင်ရွာတွေမှာ ပွဲလမ်းသဘင်းတွေရှိလည်း ရှမ်းရွာတွေကလာကြတာပဲ ဘာပြဿနာမှမရှိခဲ့ဘူး”ဟု တော့ဖယ်ရွာမှ ကိုဥတ္တမက ပြောသည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲပြဿနာများမှာလည်းတိုင်းရင်းသားလက်နက်ကိုအဖွဲ့အစည်းအချင်းချင်း ဖြစ်ပွားနေသော ပြဿနာသာဖြစ်ပြီးလူမျိုးရေးအသွင်အဖြစ် ဖြစ်ပေါ်လာမည်ကိုဒေသခံများကစိုးရိမ်နေကြသည်။

 “ပိုပြီးလိုလားတာက ကျွန်မတို့တိုင်းရင်းသားတွေကပိုပြီးစည်းလုံးဖို့လိုအပ်တယ်လေ ကျွန်မတို့ကရှမ်းပြည်နယ်မှာ နှစ်ပေါင်းရာချီအတူယှဉ်တွဲနေထိုင်လာတာပိုပြီးတော့မှ စည်းလုံးချင်တယ် ဒီလိုပဋိပက္ခကိုမဖြစ်စေချင်ဘူး ပြည်သူလူထုကိုတော့ အစွဲပေါ့နော် လူမျိုးရေးဝါဒအသွင်မဖြစ်စေချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်နဲ့တစ်ဖက် ကျနော်တို့ ဒွန်တွဲပြီးနေထိုင်လာတာပလောင် ရှမ်းဆိုပြီးတော့ ကွဲသွားတာမျိုးမဖြစ်ချင်ဘူး နောက်ကွယ်ကတစ်ခုခုကြောင့် ကျနော်တို့ အတူတူနေလာတာကြီးကိုမပျက်ပြားစေချင်ဘူးပေါ့” ဟုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ကျောက်မဲမြို့ လူထုဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး နန်းမိုးမိုးစောကပြောသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး ပြည်သူများ၏ မျက်နှာကိုထောက်ထားရန်လိုအပ်သည်။ တိုက်ပွဲများဖြစ်ပွားလာပါကလည်း ထိခိုက်နစ်နာခံစားရသူများမှာ   ဒေသခံပြည်သူများသာ   ဖြစ်သည်။ ပြေးလိုက်၊ နေရပ်ပြန်လိုက်၊ စသဖြင့် ကာလကြာရှည်စွာ ဖြစ်လာပါကဒေသခံများ၏ စီးပွားရေးလူမှုရေးတို့မှာ ခြွတ်ခြုံကြလာမည်ဖြစ်သည်။ လက်နက်ကိုင် တိုက်ခိုက်နေကြသည့် နည်းလမ်းမှာအဖြေရမည်မဟုတ်၊ တွေ့ဆုံညှိနှိုင်းခြင်းနည်းလမ်းဖြင့်သာအဖြေရှာနိုင်မည်ဖြစ်ကြောင်းရှမ်းနှင့်ပလောင် နိုင်ငံရေးအဖွဲ့အစည်းများက တိုက်တွန်းပြောဆိုထားသည်။

မအေးအွယ်တို့ ရွာမပြန်နိုင်သေး။ တွယ်တာစရာဆို၍ သူ၏ ၆ နှစ်အရွယ် သားလေးတစ်ဦးတည်းသာ ကျန်ရစ်သည်။ အိမ်ကလည်းမီးလောင်သွားသလို။ မိခင်ကြီးမှာလည်း တိုက်ပွဲတွင်းသေဆုံးခဲ့ရသောကြောင့် ခိုကိုးရာမဲ့ဘဝကိုရောက်ခဲ့ရပြန်သည်။ မိအေးနှစ်ခါ သုံးခါမကနာခဲ့ရသည်။

“တိုက်ပွဲတွေကတော့မဖြစ်စေချင်တော့ဘူး ငြိမ်းငြိမ်းချမ်းချမ်းပဲလုပ်စားချင်တယ် မျက်ရည်တွေကြားမှာပဲ တစ်နေ့တစ်နေ့ နေနေရတာ အဆင်မပြေတော့ဘူး ငြိမ်းချမ်းဖို့ကိုလည်း ဆုတောင်းတယ်”ဟု သူမကမျက်ရည်စများဖြင့် ညည်းတွားလိုက်သည်။

 

Mizzima Weekly