ရန်ကုန်မြို့မှာ လက်ရှိပျံ့နှံ့နေတဲ့ မီးခိုးငွေ့တွေကြောင့် ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်မလဲ။ ဘယ်လိုကာကွယ်ကြမလဲ

ရန်ကုန်မြို့မှာ လက်ရှိပျံ့နှံ့နေတဲ့ မီးခိုးငွေ့တွေကြောင့် ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်မလဲ။ ဘယ်လိုကာကွယ်ကြမလဲ
ဓာတ်ပုံ-EPA
 

ရေးသားသူ Dr. Thurein Hlaing Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အားလုံးသတိထားမိကြမယ့်အတိုင်းပဲ အခုဆိုရင် ထိန်ပင်သုဿန်နားအမှိုက်ပုံမှာ လောင်ကျွမ်းနေတဲ့မီးကြောင့် ထွက်လာတဲ့ မီးခိုးငွေ့တွေက ရန်ကုန်မြို့က မြို့နယ်အတော်များများကို ဖုံးလွှမ်းရောက်ရှိလာပြီဖြစ်ပါတယ်။ သင်အခုရနေတဲ့ ပလပ်စတစ်ကိုလောင်တဲ့ညှော်နံ့နဲ့အတူ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေပါဝင်လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်မလဲ။ ဘယ်လိုဖြေရှင်းကာကွယ်နိုင်မလဲဆိုတာကို သိနိုင်မှာပါ။

ဒီမီးခိုးငွေ့တွေကြောင့်

၁။ ရင်ကျပ်ရောဂါ၊ လေပြွန်များရောင်ရမ်းခြင်း၊ ကင်ဆာနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ရင်ကျပ်ရောဂါရှိသူတွေအတွက် တကယ်ကို မကောင်းတဲ့အခြေအနေပါ။ အမှိုက်တွေမီးလောင်တာကနေ ထွက်လာတဲ့ အောက်ဆိုဒ်ဓာတ်တွေ၊ ဆာလဖာနဲ့ တခြားဓာတ်တွေက အသက်ရှူသွင်းလိုက်တိုင်းမှာ အသက်ရှူလမ်းကြောင်းကို ထိခိုက်ရောင်ရမ်းစေပြီး အသက်ရှူကြပ်စေပါတယ်။ ကြာရှည်ကြာညောင်းဖြစ်လာပြီဆိုရင် ကင်ဆာအဖြစ်ကိုပါ ပြောင်းလဲသွားနိုင်ပါတယ်။ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကတော့ ဒီမီးခိုးငွေ့တွေရဲ့ ပထမဆုံးနဲ့ အဓိက ထိခိုက်ရာ လမ်းကြောင်းဖြစ်ပါတယ်။ ပြင်းထန်တဲ့ရောဂါတွေအပြင် ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ခြောက်ကပ်ပြီး ယားကျိကျိဖြစ်တာနဲ့ အသက်ရှူမဝတာတွေလည်းဖြစ်နိုင်ပါတယ်။

၂။ နှလုံးနှင့် သွေးကြောရောဂါများ

မီးခိုး်ငွေ့တွေထဲမှာ နှလုံးနဲ့ သွေးကြောတွေကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်နေတာကြောင့် နှလုံးရောဂါနှင့် သွေးပေါင်ချိန်မြင့်တက်ခြင်းလို သွေးဖိအားဆိုင်ရာ ရောဂါတွေကိုခံံစားရနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်သတ္ထုတွေမီးလောင်တာကပါလာတဲ့အငွေ့တွေနဲ့ ဒိုင်အောက်ဆိုင်၊ ဖျူရင်လိုဓာတ်တွေက သွေးအားနည်းရောဂါနဲ့ သွေးကင်ဆာလိုမျိုးတွေဖြစ်နိုင်ပါတယ်။

၃။ မျက်စိရောဂါများ

နောက်ထပ်သိသိသာသာ ခံစားရမှာကတော့ မီးခိုးငွေ့တွေနဲ့ ထိတွေ့မှုကြောင့် မျက်စိတွေကျိန်းစပ်ခြင်း၊ မျက်လုံးများခြောက်ကပ်ခြင်း၊ မျက်စိရောင်ရမ်းခြင်းနှင့် မျက်ရည်များကျဆင်းခြင်းတွေဖြစ်နိုုင်ပါတယ်။

၄။ လမစေ့ဘဲကလေးမွေးခြင်း၊ ကလေးအသေမွေးခြင်းနှင့် ချို့ယွင်းချက်များပါလာနိုင်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်သောက်တာကိုတားမြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေနားမှာ ဆေးလိပ်သောက်တာကိုပါ ပြင်းပြင်းထန်ထန်တားမြစ်ထားတာကိုကြည့်ရင် ဒီမီးခိုးငွေ့တွေက ကိုယ်ဝန်ဆောင်တွေအတွက် ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ ခဲဓာတ်၊ ဒိုင်အောက်ဆင်၊ ကာဗွန်မိုနောက်ဆိုက်နဲ့ အခြားသော မီးခိုးငွေ့ထဲမှာပါတဲ့ ဓာတ်ပစ္စည်းတွေက ကိုယ်ဝန်ဆောင်တွေကို ထိခိုက်နိုင်စေပါတယ်။

၅။ အရေပြားရောဂါများ

မီးခိုးငွေ့တွေက အရေပြားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အသားခြောက်ခြင်း၊ ယားယံခြင်း အရေးအကြောင်းများဖြစ်ခြင်း၊ ဝက်ခြံများဖြစ်ခြင်းနဲ့ ဓာတ်မတည့်မှုကြောင့် အဖုအပိန့်များနှင့် အနာများဖြစ်စေနိုင်ပါတယ်။

၆။ အခြားဝေဒနာများ

မီးခိုးငွေ့တွေကြောင့် ခေါင်းမူးခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မလှုပ်နိုင်မသယ်နိုင်အောင်ဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။

ခြံုငုံပြီးပြောရရင်တော့ ဒီမီးခိုးငွေ့တွေဟာ ကျန်းမာရေးအတွက် အင်မတန်ကိုဆိုးရွားပါတယ်။ ဘေးအန္တရာယ်တွေအများကြီးဖြစ်စေနိုင်ပါတယ်။ ဒါတွေကိုရှောင်ကျဉ်နိုင်ဖို့အတွက် အောက်ပါတို့ကို ကျင့်သုံးသင့်ပါတယ်။

၁။ မီးခိုးငွေ့တွေနဲ့ တတ်နိုင်သမျှရှောင်ကျဉ်ပါ။

၂။ အပြင်ထွက်တာမျိုးကို ရှောင်ပြီး အိမ်က တံခါးတွေကို မီးခိုးငွေ့နည်းနိုင်သမျှ နည်းနည်းပဲဝင်အောင် ပိတ်ထားပါ။

၃။ အရည်ရွှမ်းအသီးအရွက်များများစားပါ။

၄။ ရေဓာတ်ပြည့်ဝအောင်နေပါ။ ရေများများသောက်ပါ။

၅။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် နှာခေါင်းစည်းတပ်ပါ။

၆။ မျက်နှာကို moisturizer လိမ်းပါ။ အစိုဓာတ်ထိန်းထားပါ။

၇။ လေကောင်းလေသန့်ရနိုင်အောင် ကြိုးစားပါ။ လေသန့်စင်တဲ့စက်ကိုအသုံးပြုပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly