ငွေဆောင်ကမ်းခြေသို့ ခရီးသွားလာရောက်မှု တိုးတက်လာခြင်းနှင့်အတူ ဟိုတယ်များထပ်မံတည်ဆောက်ရန်လိုအပ်နေ

ငွေဆောင်ကမ်းခြေသို့ ခရီးသွားလာရောက်မှု တိုးတက်လာခြင်းနှင့်အတူ ဟိုတယ်များထပ်မံတည်ဆောက်ရန်လိုအပ်နေ
 

ဧပြီ ၂၇။     ။ငွေဆောင်ကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုသည် နှစ်စဉ်များပြားလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန ငွေဆောင်ရုံးခွဲမှ သိရသည်။

၂၀၁၆ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွား ၁၁၈၃၇၀ဦး၊ ၂၀၁၇ခုနှစ်တွင် ၁၄၂၆၇၆ဦး၊ ၂၀၁၈ခုနှစ် မတ်လအထိ သုံးလအတွင်း ၆၂၇၀၇ဦး ၀င်ရောက်ခဲ့သည်။ ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ကာလတူ နှိုင်းယှဉ်ပါ ယမန်နှစ်တွင် ၅၀၈၀၀ဦးရှိပြီး ယခုနှစ်တွင်၆၂၇၀၇ဦး လာရောက်သည့်အတွက် ၂၃ရာခိုင်နှုန်းတိုး တက်လာသည်။

“ဧည်သည်ဝင်ရောက်မှုများလာရင် အခန်းလိုအပ်ချက်ရှိလာမယ်။ ဒါကြောင့် ဟိုတယ်အသစ်တွေ တည်ဆောက် ဖို့လိုမယ်။ ၀န်ကြီးဌာနကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဟိုတယ်လုပ်ငန်းရှင် တွေက လျောက် ထားတဲ့အခါ သတ်မှတ်ချက်အထောက်အထားအားလုံး ပြည့်စုံရင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန က သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သဘောထားထောက်ခံချက်နဲ့ ပြည်ထောင်စုဝန်ကြီးဌာန ကိုဆက်လက်တင်ပြပြီး ဟိုတယ်တည်ဆောက်ခွင့်တွေကိုခွင့်ပြုပေးနေတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွန် ကြားမှုဦးစီးဌာန (ငွေဆောင်ရုံးခွဲတာဝန်ခံ) လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးဝင်းကပြောသည်။

ငွေဆောင်ကမ်းခြေတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ၂၀၁၈ မတ်လ အထိ ဟိုတယ် ၂၄လုံး၊ တည်ခိုရိပ်သာ ၆လုံး၊ စုစုပေါင်း အလုံး ၃၀၊ အခန်းပေါင်း ၁၃၀၉၆ခန်း လိုင်စင်ခွင့်ပြုထားသည်။ထို့အပြင် ဒေသတွင်းရှိသော မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုထားသည့် စည်ပင်သာယာတည်ခိုးရိပ်သာ ၄၈လုံးခန့်ရှိကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေတွင် လက်ရှိဟိုတယ်တည်ဆောက်မှု ခွင့်ပြုထားသော ဟိုတယ် ၃လုံးရှိပြီး တည် ဆောက်ရေးလုပ်ငန်း ၂၀ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန ငွေဆောင်ရုံးခွဲမှ သိရသည်။

ငွေဆောင်ကမ်းခြေသည် ကမ်းခြေအလျားအရှည် ၄မိုင်ခွဲရှိပြီး ကမ်းခြေမှ အနီးအနား ကျွန်းများဆီသို့ နေချင်း ပြန် ကျွန်းပတ်ခရီးစဉ်များသွားနိုင်အောင် အပျော်စီးအမြန်ရေယာဉ်အသင်းများဖွဲ့စည်းကာ ချောင်းသာ၊ ဂေါ်ရင် ဂျီကျွန်းစသောနေရာများကိုလည်း နေချင်းပြန်ခရီးသွားနိုင်အောင် ၂၀၁၇ အောက်တိုဘာလက စတင်ပြီးလုပ် ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly