ဗဟိုဘဏ်မှ အသစ်ထုတ်မည့် ဗိုလ်ချုပ်ပုံရွှေဒင်္ဂါးများ ဧပြီ ၃၀ မှစတင် ၀ယ်ယူနိုင်

ဗဟိုဘဏ်မှ အသစ်ထုတ်မည့် ဗိုလ်ချုပ်ပုံရွှေဒင်္ဂါးများ ဧပြီ ၃၀ မှစတင် ၀ယ်ယူနိုင်

 

ဧပြီ ၂၇ ။              ။ လာမည့် ဧပြီလ ၃၀ ရက်စတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုံစံသစ်ဖြင့်သွန်းလောင်းထုတ်ဝေမည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ တစ်မတ်သားရွှေဒင်္ဂါးအသစ်များ အများပြည်သူသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။  

ယခင်က တစ်မတ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံသွန်းလောင်းထားပြီး ယခုအသစ် သွန်းလောင်းမည့် ရွှေဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ အောက်တွင်  "Aung San " အမည်ဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က " ရွှေဒင်္ဂါးကို အရင်ကတည်းက ဗဟိုဘဏ်ကအရင်တုန်းကလဲ ထုတ်တာပဲလေ။ တစ်ကျပ်သားထုတ်တယ်။ ငါးမူးသားထုတ်တယ်။ တစ်မတ်သားထုတ်တယ်။ ပုံမှန်ရွှေဒင်္ဂါးဗဟိုဘဏ်က ရောင်းနေတာရှိတယ်။ အဲဒီထဲမှာ အဲဒီထဲမှာ တစ်မတ်သားက လက်ကျန်မရှိတော့ဘူး။ လက်ကျန်မရှိတော့ တစ်မတ်သားကို အသစ်ထုတ်တာ။ ထုတ်တဲ့အချိန်မှာ ဘာပဲပြောပြော ပြည်သူလူထုကလည်း တောင်းဆိုနေတယ်။ လွှတ်တော်မှာလည်း တင်ပြတာတွေ ရှိတယ်။ နိုင်ငံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကိုလည်း ပြည်သူလူထုက မြင်ချင်တယ်။ ဒီအချက်တွေပေါ်မူတည်ပြီး အကြီးအကဲတွေရဲ့ လမ်းညွှန်မှုနဲ့ ဗဟိုဘဏ်အနေနဲ့က ပုံမှန်သွန်းလောင်းနေတဲ့ ကုန်သွားတဲ့ တစ်မတ်သားကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေလိုက်တာပေါ့နော်။ ပြည်သူလူထုအနေနဲ့က အရင်တုန်းကလည်း ရွှေဒင်္ဂါးကို စုတာပဲလေ။ အမှတ်တရပေါ့။ အခုအမှတ်တရမှာတော့ ရွှေဒင်္ဂါးလေးစုပြီး အမှတ်တရအပြင် ဗိုလ်ချုပ်ပုံပါတာလေးပါ အမှတ်တရ ပြန်ဖြစ်တာပေါ့။" ဟု ဧပြီလ ၂၇ ရက်က မဇ္စျိမသို့ ပြောသည်။

အသစ်သွန်းလောင်းသည့် တစ်မတ်သား ရွှေဒင်္ဂါး၏ အချင်းမှာ ၁၈ ဒသမ ၀ မီလီမီတာ၊ အထူမှာ ၁ ဒသမ ၀ မီလီမီတာဖြစ်ပြီး ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် " Central Bank of Myanmar" ၊ " 4.082 gm 999.9 Fine Gold" ဟု အင်္ဂလိပ် စာလုံးဖြင့် ဖော်ပြထားပြီး အခြားတစ်ဖက်တွင် " မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၈ ၊ ၁ မတ်သား ၊ ၉၉၉.၉ သန့်စင်ရွှေ" ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

"ဗဟိုဘဏ်ကရောင်းတဲ့ ရွှေဒင်္ဂါးဖြစ်တဲ့အတွက် စျေးတင်ရောင်းတာမျိုးမရှိပါဘူး။ ကာလပေါက်စျေး အတိုင်းပေါ့။ ပုံမှန်ဖြစ်နေတဲ့ရွှေစျေးအပေါ်မှာပဲ အလျှော့တွက်နဲ့စရိတ်ပေါင်းပြီး ရောင်းချပေးသွားမှာပါ။ ပုံမှန်ရောင်းနေကြဖြစ် တဲ့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းအရောင်းဆ်ိုင်တွေကပဲ ရောင်းချပေးသွားမှာပါ"ဟု ဦးဝင်းသော်က ဆက်လက်ပြောသည်။

ရွှေဒင်္ဂါးပြားများကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တွင် နေ့စဉ်ပေါက်စျေးအပေါ် အလျှော့တွက်နှင့် ကုန်ကျစရိတ် ၁၂၅၀၀ ကျပ် ထပ်ပေါင်းသည့် စျေးနှုန်းဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပြီး ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီး အကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ၁၉၉၁ ခုနှစ်မှစတင်ကာ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား စံချိန်မီရွှေဒင်္ဂါများကို ထုတ်ဝေခဲ့ရာ ရွှေကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် လယ်ထွန်သောပုံနှင့် ယခင် တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများ ဖြင့် သွန်းလောင်းထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly