တစ်ပတ်ကြာလှိုင်သာယာအမှိုက်ပုံမီး Bio Foamဖြင့် စတင်ငြှိမ်းသက်

တစ်ပတ်ကြာလှိုင်သာယာအမှိုက်ပုံမီး Bio Foamဖြင့် စတင်ငြှိမ်းသက်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန်၊ ဧပြီ ၂၇ ။           ။ ရက်သတ္တပတ် တစ်ပတ်ကြာ ဆက်လက်လောင်ကျွမ်းလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ ထိန်ပင်အမှိုက်ပုံမီးကို Bio Foam ဓာတုဆေးရည်ဖြင့် ယနေ့ ဧပြီလ ၂၇ရက်နေ့ တွင် စတင်ငြိှမ်းသတ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Bio Foam သည် ဖြန်းပြီးပါက မီးပြန်လည်မတောက်စေဘဲ မီးခိုးအထွက်နည်းစေသည့် ဓာတုဆေးရည်တစ်ခုဖြစ်သည်။

၄င်း Bio Foam ကို မီးသတ်လှေကားရှည်ကားဖြင့် အပေါ်စီးမှနေ၍ ပတ်ဖြန်းမည်ဖြစ်သည်။

"ဖြန်းနေပြီဗျ ဖြန်းနေပြီ ၁၀ နာရီလောက်ကစတာပါဗျ...လောလောဆယ်ဂါလန် နှစ်ထောင်တော့ရောက်နေပြီဗျ"ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ယခု ဧပြီလ ၂၇ရက်နေ့ နံနက်ပိုင်းမှ စတင်ပတ်ဖြန်းနေခြင်းကြောင်း မီးလောင်ကျွမ်းမှု၏အခြေအနေကို ညနေပိုင်းမှ သိနိုင်မည်ဟု ဦးမြတ်မင်းသူက ပြောသည်။

မီးသတ်တပ်ဖွဲ့အနေဖြင့် ၄င်းထိန်ပင်အမှိုက်ပုံကိုမီးငြှိမ်းသက်ရန် Bio Foam ဂါလန် ၅၀၀၀ လိုအပ်မည်ဟု ဆိုထားသည်။

မူလက Bio Foam ဂါလန် ၁၈၀၀ ကိုသာ ထိုင်းနိုင်ငံမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ဘတ်ဂျက်ဖြင့် ၀ယ်ယူရရှိနိုင်ခဲ့သည်ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောခဲ့သည်။

၄င်းနောက် Class A အမျိုးအစား Bio Foam မီးသတ်ဆေးရည် ဂါလံ ၅၀၀၀ ကို ပြည်ပမှ ဝယ်ယူနိုင်ရန် ငွေကျပ် သိန်းပေါင်း ၃၄၀၀ အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် ညီနောင်မိတ်ဖက်ကုမ္ပဏီများ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံသို့ ဧပြီလ ၂၆ ရက်နေ့၌ သွားရောက်လှူဒါန်းခဲ့သည်။

ဧက ၃၀၀ ကျယ်ဝန်းသော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသည် ၂၀၀၂ ခုနှစ်မှစတင်ကာ နေ့စဉ် အမှိုက် တန်ချိန် ၉၅၀ ခန့်စွန့်ပစ်လျက်ရှိပြီး ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံတစ်ခုဖြစ်သည်။

ယင်း လှိုင်သာယာမြို့နယ်ရှိအမှိုက်ပုံသည် ဧပြီလ ၂၁ ရက်နေ့မှစတင်၍ မီးလောင်ကျွမ်းနေခြင်းဖြစ်သည်။

Bio Foam ဂါလန် ၄၀ ဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့၌လည်း မီးငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့မှ အသုံးပြုခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly