သမိုင်းဝင် ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ နှစ်ဘက်ခေါင်းဆောင်များအကြား အပြန်အလှန် ပြောစကားများ

သမိုင်းဝင် ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ နှစ်ဘက်ခေါင်းဆောင်များအကြား အပြန်အလှန် ပြောစကားများ
Photo-AFP

ဧပြီ ၂၇ ။           ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျံုအန်းနဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း တို့အကြား သမိုင်းဝင် တွေ့ဆုံမှုကို  ယနေ့ ဧပြီ ၂၇ ရက်မှာ စတင်ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံခဲ့ရာမှာတော့ နှစ်ဘက် ခေါင်းဆောင်တွေအကြား ရင်းနှီးချစ်ခင်စွာနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောဆိုခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီး နှစ်ဦး တွေ့ဆုံစဉ်မှာတော့ ကင်မ်ဂျံုအန်းက မွန်းဂျေအင်းကို "နောက်လည်း အမြဲ ကျွန်တော် ဆိုးလ်ကို လာချင်တယ်ဗျာ၊ ကျွန်တော့်ကို ခင်ဗျား ဘယ်အချိန်ပဲ ဖိတ်ဖိတ်ပေါ့ " ဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါကတော့ ကိုရီးယား နှစ်နိုင်ငံကို ခွဲခြားထားတဲ့ စစ်မဲ့ဇုန်မှာ ပြုလုပ်တဲ့ ၎င်းတို့ရဲ့ ထိပ်သီးအစည်းအဝေး မစတင်ခင် နှစ်ဦးသားအကြား ပြောဆိုခဲ့တဲ့ စကားဖြစ်တယ်လို့ ဆိုပါတယ်။

" ခင်ဗျားသာ အိမ်ပြာတော်ကို လာမယ်ဆိုရင် ဒီထက်ကောင်းတဲ့ ရှုခင်းတွေ ကျွန်တော် ပြချင်သေးတယ်ဗျာ" ဆိုပြီး တောင်ကိုရီးယားသမ္မတ မွန်းက ကင်မ်ကို ပြောကြားခဲ့ရာမှာတော့ " တကယ်လား၊ ဒါဆို ခင်ဗျား ကျွန်တော့်ကို ဘယ်အချိန်ပဲ ဖိတ်ဖိတ် ကျွန်တော် အိမ်ပြာတော်ကို လာမယ်ဗျာ" ဆိုပြီး ပြန်ပြောခဲ့ပါတယ်။

ယင်းမတိုင်ခင်တုန်းကလည်း နယ်စပ် စစ်ရေးနယ်နမိတ်စည်း ပေါ်မှာ နှစ်ဦးသား တွေ့ဆုံစဉ်ကလည်း မွန်း က "ခင်ဗျား ခုဆို တောင်ကိုရီးယားဘက် ရောက်လာပြီးပေ့ါဗျာ၊ ဒါနဲ့ ကျွန်တော်ရော ခင်ဗျားတို့ဘက်ခြမ်းကို ဘယ်တော့လောက်လာလို့ရမလဲဗျ" ဆိုပြီး ကင်မ်ကို ပြောခဲ့ပါတယ်။

ကင်မ်ကလည်း " ဘာလို့ အဲဒီကို ကျော်လို့ မရရမှာလဲဗျ၊ ရမှာပေါ့ " ဆိုပြီး မွန်းကို ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။

အလားတူ ယခု Panmunjom အစည်းအဝေး ပြီးရင် နောက်ထပ်လည်း နှစ်ဘက်အကြား အစည်းအဝေး တွေ ထပ်လုပ်ချင်သေးကြောင်း မွန်းက ပြောပါတယ်။ " ကျွန်တော်တို့အကြား အစည်းအဝေးတွေကို ပြံုယမ်း၊ ဆိုးလ်၊ ဂျယ်ဂျူကျွန်း၊ ပက်ခ်တူ တောင် တို့မှာလည်း ဆက်လုပ်ကြမယ်ဗျာ" ဆိုပြီး ကင်မ်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly