ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆွစ်ဇာလန်မှ ခရစ္စတင်း ရှာရန်နာ ဘာဂျန်နာအား ခန့်အပ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆွစ်ဇာလန်မှ ခရစ္စတင်း ရှာရန်နာ ဘာဂျန်နာအား ခန့်အပ်

ဧပြီ ၂၇ ။           ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ဆွစ်ဇာလန်နိုင်ငံမှ မစ္စ ခရစ္စတင်း ရှာရန်နာ ဘာဂျန်နာ အား ခန့်အပ်လိုက်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယနေ့တွင် ကြေညာသွားသည်။

မစ္စ ခရစ္စတင်း ရှာရန်နာ ဘာဂျန်နာသည် သံခင်းတမန်ခင်း ဆိုင်ရာ အတွေ့အကြုံ ၂၅ နှစ်ကျော် ရှိသူဖြစ်ပြီး ဆွစ်ဇာလန် ဖယ်ဒရယ် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မတူညီသည့် အဆင့်မြင့်အစိုးရ ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခန့်အပ်ခံရမှု မတိုင်မီ သူမသည် ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၁၅ ခုနှစ်မှစ၍ တာဝန်ထမ်းနေခဲ့သူလည်းဖြစ်သည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သူမသည် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က ထိုင်းတွင် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်မှု ကိစ္စအတွင်း နှစ်ဘက်အကြား ညှိနှိုင်းပြေလည်မှုရစေရေး ဦးဆောင်အားထုတ်ခဲ့သူ ဖြစ်သည်။

မစ္စ ဘာဂျန်နာသည် ၂၀၀၄ မှ ၂၀၀၉ ကြားကာလအတွင်း နိုင်ငံတကာ ဥပဒေရေးရာ ဦးစီးဌာန၏ ဒုညွှန်မှူး၊ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေ ဌာနခွဲ၏ အကြီးအကဲ အဖြစ် တာဝန်ယူခဲ့သည်။ ယင်းတစ်ပြိုင်နက်တည်းမှာပင် သူမသည် နိုင်ငံခြားရေးရာ မူဝါဒ၏ အကြမ်းဖက်တိုက်ဖျက်ရေး ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ လူသားချင်းစာနာမှု အချက်အလက်ရှာဖွေရေး ကော်မရှင်၏ အတွင်းရေးမှူးချုပ် တာဝန်တို့ကိုလည်း ရယူခဲ့သည်။

၁၉၆၃ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ Meiringen မြို့၌ မွေးဖွားခဲ့သည့် မစ္စ ဘာဂျန်နာသည် ဇူးရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly