မကွေးလမ်းလျှောက်သင်္ကြန် ဓာတ်ပုံပြိုင်ပွဲဆုရသူများအား ထုတ်ပြန်ကြေညာ

မကွေးလမ်းလျှောက်သင်္ကြန် ဓာတ်ပုံပြိုင်ပွဲဆုရသူများအား ထုတ်ပြန်ကြေညာ
ဓာတ်ပုံ  -  မကွေးလမ်းလျှောက်သြင်္ကန် ကျင်းပရေးကော်မတီ။ ပထမဆုရဓာတ်ပုံ

 

မကွေး၊ ဧပြီ ၂၇ ။         ။ မကွေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မကွေးမြို့၏ မဟာသင်္ကြန်ပွဲတော်အလှအပများ ရိုက်ကူးသည့် ဓာတ်ပုံပြိုင်ပွဲ ဆုရသူများ စာရင်းအား ဧပြီလ ၂၅ ရက်နေ့က မကွေးလမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

ပထမဆုံးအကြိမ် ကျင်းပသည့် မကွေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် မကွေးမြို့၏ မဟာသင်္ကြန်ပွဲတော်အလှများအား  အမှတ်တရဓာတ်ပုံပြိုင်ပွဲအား ထည့်သွင်းကျင်းပခဲ့ကြောင်း လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ အတွင်းရေးမှူးဦးဇော်မိုးက ပြောသည်။

"မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ မကွေးမြို့ရဲ့ လမ်းလျှောက်သင်္ကြန်အလှ အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်မှ ဓာတ်ပုံပညာရှင်ပေါင်း (၄၇)ဦးက ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း(၂၀၉)ပုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်" ဟုဦးဇော်မိုးက ပြောသည်။

ဆုရွေးချယ်ရေးအဖွဲ့မှ ပထမဆု  ဇေဇေ(အောင်လံ)၊ဒုတိယဆု နေမျိုးအောင်(အောင်လံ)၊တတိယဆု ကိုလွှမ်း ၊ ဖန်ခါးမြေ(မကွေး) နှစ်သိမ့်ဆု(၁) ၊ နှစ်သိမ့်ဆု(၂) ကိုသန်းစိုး(စကု)၊ နှစ်သိမ့်ဆု(၃) စိုင်းကိုလတ်(မကွေး)၊နှစ်သိမ့်ဆု(၄) ထိန်လင်း(မကွေး)၊နှစ်သိမ့်ဆု(၅)  ကျော်မင်းသန့်(ရေနံချောင်း)တို၏ ပြိုင်ပွဲဝင်ဓာတ်ပုံများအား ဆုရဓာတ်ပုံများအဖြစ် ပဏာမရွေးချယ်ထားကြောင်း သိရသည်။

ဆုရဓာတ်ပုံများနှင့်ပတ်သက်၍ အငြင်းပွားဖွယ် တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက လမ်းလျှောက်သင်္ကြန်ကော်မတီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါကြောင်း၊ ဆုပေးပွဲ ရက်နှင့် နေရာအား ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း မကွေးလမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီအဖွဲ့ထံက သိရသည်။

အဆိုပါဓာတ်ပုံပြိုင်ပွဲသည် မကွေးလမ်းလျှောက်သင်္ကြန် စတင်ကျင်းပသည့် ဧပြီလ ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့အတွင်း သင်္ကြန်ရေကစားသည့် ပုံများယဉ်ပြိုင်ပြီး  ချီးမြင့်မည့် ဆုကြေးငွေမှာ ပထမဆု(၅)သိန်း၊ဒုတိယဆု(၃)သိန်း၊တတိယဆု(၂)သိန်းနှင့်နှစ်သိမ့်ဆု(၁)သိန်းကျပ်စီ ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly