၆ ရက်မီးလောင်ပြီးနောက် လေထုတွင် အမှုန်အမွှားပါ၀င်မှု လှိုင်သာယာတွင် အဆ ၄၀ ထိ မြင့်တက်

၆ ရက်မီးလောင်ပြီးနောက် လေထုတွင် အမှုန်အမွှားပါ၀င်မှု လှိုင်သာယာတွင် အဆ ၄၀ ထိ မြင့်တက်
Photo-EPA/LYNN BO BO

ရန်ကုန်၊ ဧပြီလ ၂၆ ။         ။ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့ မြို့နယ်အချို့၏ လေထုထဲ တွင် ဓာတ်ငွေ့များနှင့် အမှုန်အမွှားပါ၀င်မှု မြင့်တက်နေပြီး လှိုင်သာယာတွင် လေထုထဲ အမှုန်အမွှားပါ၀င်မှု အဆ ၄၀ ထိ မြင့်တက်နေကြောင်း စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်းမှ  ထုတ်ပြန်လိုက်သည်။

မီးစတင်လောင်သည့် ဧပြီလ ၂၁ရက်နေ့ နောက်ပိုင်း ဧပြီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ စိမ်းလန်းအမိမြေ ဖွံဖြိုးတိုးတက်ရေးအသင်းမှ လေထုတိုင်းတာမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်နှင့် အမှုန်အမွှားများပါ၀င်မှု မြင့်တက်နေကြာင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လေထုတိုင်းတာရာတွင် အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တာမွေမြို့နယ် များပါ၀င်ပြီး ၈နာရီကြာ တိုင်းတာခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၆ ရက်တွင် မီးလောင်မှု ၆ ရက်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကြောင့် လှို်င်သာယာမြို့နယ်ရှိ လေထုထဲတွင် ဆာလဖာဒိုင်အောက်ဆိုဒ် ပါ၀င်မှုမှာ သတ်မှတ်စံနှုန်းထက် ၂ ဆမြင့်မားနေပြီး လေထုထဲတွင် အမှုန်အမွှားပါ၀င်မှုမှာ အဆ ၄၀ အထိ မြင့်မားနေ ကာ နိုင်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ပါ၀င်မှုမှာလည်း သတ်မှတ်စံနူန်းများထက် မြင့်မားနေသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

အင်းစိန်မြို့နယ်တွင်လည်း အမှုန်အမွှားပါ၀င်မှု ၂ ဆမှ ရ ဆအထိ မြင့်တက်နေသည်ကိုလည်း တွေ့ရပြီး တာမွေမြို့နယ်တွင် ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် အမှုန်အမွှားပါ၀င်မှုမှာ သတ်မှတ်စံနူန်းများထက် အနည်းငယ် မြင့်တက်နေကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဧက ၃၀၀ ရှိ အမှိုက်ပုံ မီးလောင်ကျွမ်းနေခြင်း ဖြစ်ပြီး ပလတ်စတစ်၊ စက္ကူ စသည်ဖြင့် အမှိုက်များ ကို ခွဲခြားပစ်သည့်စနစ်မရှိသည့်အတွက် မီးလောင်မှုကြောင့် ဓာတ်ငွေ့မျိုးစုံထွက်နိုင်ပြီး အက်ဆစ်မိုးရွာခြင်း၊ အသက်ရှုကြပ်ခြင်း အစရှိသော အကျိုးဆက်များ ရှိတတ်ကြောင်း Myanmar Green Network မှ ဒေါ်ဒေဝီသန့်စင်က ပြောသည်။

"ဘယ်လိုအန္တရာယ်ရှိစေတာလဲဆိုတော့ ဆာလဖာဒိုင်အောက်ဆိုဒ်တွေ အရမ်းများရင် အက်ဆစ်မိုးတို့ ဘာတို့ ရွာတတ်တယ်လေ ။ ကျန်တဲ့ဓာတ်တွေကြတော့ အသက်ရူကြပ်တာတို့ အထူးသဖြင့် ကာဗွန်မိုနောက်ဆိုဒ် ပေါ့နော်။ မီးလောင်ရင်တော်တော်များများက ထွက်တာတော့ ကာဗွန်မိုနောက်ဆိုဒ် ထွက်တယ်"ဟု ဒေါ်ဒေဝီသန့်စင်က ပြောသည်။

ယင်းသို့ လေထုညစ်ညမ်းစေသည့် ဓာတ်ငွေ့နှင့် အမှုန်အမွှားများပါ၀င်နေမှုကြောင့် အသက်ရူလမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်ပွားနိုင်ပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အခြားရောဂါအခံရှိသူများ အနေဖြင့် ကျန်းမာရေးပိုမိုဂရုစိုက်သင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ ၂၄ရက်နေ့၌ ထုတ်ပြန်ထားသည်။

"အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားခဲ့ဖူးတဲ့သူတွေ အဆုပ်ရောဂါတို့ဘာတို့ ဖြစ်ပွားခဲ့ဖူးတဲ့ သူတွေပေါ့ နော်။ အဲဒီလူတွေကိုစာရင်တွေကောက်ယူပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့ ဆောင်ရွက်ပေးဖို့ ရှိတယ်။ အဲဒီမှာက ကိုယ်ဝန်သည်မိခင်တွေလည်း တကယ်လို့အဲဒါမျိုးဖြစ်လာရင်လည်း အဲဒီမှာပဲထားပေးမယ်။ သက်ကြီးရွယ်အိုတွေအတွက်ကိုလည်း အဲဒီမှာထားပေးမယ် ။ အခုလောလောဆယ် တော့ စာရင်းတွေကောက် နေပြီ"ဟု ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ က ပြောသည်။

ဧပြီလ ၂၅ ရက်တွင် အမှိုက်ပုံမီးနှင့် အနီးဆုံးရပ်ကွက်မှ အောက်စီဂျင်ရှုနေရသော ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး ပြည်ထဲရေးမှ မီးခိုးငွေ့များရှုရှိုက်၍သေဆုံးရခြင်းဟု ထုတ်ပြန်ခဲ့သော်လည်း လှိုင်သာယာပြည့်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူက ကျောက်ကပ်မကောင်းသည့်ရောဂါဖြင့် သေဆုံးခြင်းဟု ပြောဆိုခဲ့သည်။

လတ်တလော ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်အတွက် အရေးပေါ်ကယ်ဆယ်ရေးစခန်းကို လှိုင်သာယာ မြို့နယ် (၆)ရပ်ကွက် အ.လ.က (၁)တွင် ဖွင့်လှစ်သွားမည်ဟု လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၏ ပြောဆိုချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်မြို့တွင်း (၆)မြို့နယ်၊ ဆင်ခြေဖုန်း (၆)မြို့နယ်၊ အဓိကလူနေထိုင်ရာ (၆) မြို့နယ်၊ စက်မှုဇုန်များ (၆)မြို့နယ် စသည်တို့တွင် မီးခိုးပြာများ၊ လေထုညစ်ညမ်းမှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်းမှ  ဖော်ပြထားသည်။

ရန်ကုန်မြို့မှ စွန့်ပစ်အမှိုက်များစုပြုံထားရှိရာနေရာ (၆)နေရာအနက် နေ့စဉ်အမှိုက်စွန့်ပစ်မှုအများဆုံးဖြစ်သည့် ဧက ၁၅၀ ကျယ်ဝန်းသော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသည် ၂၀၀၂ ခုနှစ်မှစတင်၍ နေ့စဉ် အမှိုက် တန်ချိန် ၉၅၀ ခန့်စွန့်ပစ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly