ဘိုရာကေးကျွန်းသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ခြင်းကို ဖိလစ်ပိုင်က လုံခြံုရေးတင်းကြပ်စွာဖြင့် ပိတ်ထား

ဘိုရာကေးကျွန်းသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ခြင်းကို ဖိလစ်ပိုင်က လုံခြံုရေးတင်းကြပ်စွာဖြင့် ပိတ်ထား

မနီလာ၊ ဧပြီ ၂၆ ။           ။ ဖိလစ်ပိုင်နိုင်ငံက အကျော်ကြားဆုံး အားလပ်ရက်အပန်းဖြေကျွန်း ဘိုရာကေးကျွန်းကမ်းခြေအား ခြောက်လတာသန့်ရှင်းရေးအတွက် ကမ္ဘာလှည့်ခရီးသွား လာရောက်ခြင်းကို ဧပြီ ၂၆ ရက်တွင် စတင်ပိတ်လိုက်ပြီဖြစ်သည်။

လူသူလာရောက်မှု များပြားကာ အလွန်စည်းကားဖွံ့ဖြိုးခြင်းအားဖြင့် ညစ်ညမ်းသွားရသော ယင်းအပန်းဖြေကျွန်းအား အသစ်နီးပါး သန့်ရှင်းသော ကမ်းခြေပြန်လည်ဖြစ်လာရေးအတွက် ကမ္ဘာ့လှည့် ဧည့်သည်လာရောက်ခြင်းကို လုံခြံုရေးတင်းကြပ်စွာဖြင့် ပိတ်လိုက်ခြင်းဖြစ်ကာ ကမ်းခြေစောင့်တပ်စက်လှေများက ကင်းလှည့့်ခြင်း၊ ရိုင်ဖယ်သေနတ်ကိုင် ရဲများက ဝင်ပေါက်များကို အစောင့်ချထားခြင်းတို့ ရှိနေသည်။

ပြီးခဲ့သည့် ညလယ်က ကျွန်းအား စတင်ပိတ်လိုက်ခြင်းဖြစ်ကာ ကျွန်းသို့ အဓိကလာရာလမ်းကြောင်းဖြစ်သော ကူးတို့ရေယာဉ်များသို့ ကမ္ဘာ့လှည့်ခရီးသွားများ လိုက်ပါခြင်းကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ဌာနေရဲအကြီးအကဲ ဆီဆာဘီနက်က အေအက်ဖ်ပီသို့ ပြောသည်။

“ဘိုရာကေးကျွန်းကို ပိတ်တာမဟုတ်ပါ။ ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်တာကိုပဲ တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။”ဟု ဘီနက်က ဆိုသည်။

ယခုလအစောပိုင်းက သမ္မတ ဒူတာတေးက ဘိုရာကေးကျွန်းသည် ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၊ စျေးဆိုင်ခန်းများကြောင့် မိလ္လာတွင်း ဖြစ်လာနေပြီဆိုလျက် ဧပြီ ၂၆ ရက်မှ
စတင်ကာ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဘိုရာကေးကျွန်းတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းပေါင် ၅၀၀ ခန့် ရှိထားပြီး ပြီးခဲ့သည့်နှစ်က နှစ်ပတ်လည်ဘဏ္ဍာဝင်ငွေ ပီဆို ၅၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၇ ဘီလီယံ) ရရှိခဲ့သည်။

သို့သော်လည်း ကျွန်းရှိ ဟိုတယ်များ၊  စားသောက်ဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများသည် မိလ္လာအညစ်အကြေးများကို ပင်လယ်တွင်းသို့ တိုက်ရိုက်စွန့်ပစ်နေခြင်းကြောင့် အပန်းဖြေကမ်းခြေသည်  မိလ္လာတွင်းလို ဖြစ်လာရသည်ဟု သမ္မတ ဒူတာတေးက ဖေဖော်ဝါရီလအတွင်း အပြစ်ဆိုထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly