လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ရိုက်နှက်ခံကလေးငယ်ကို ဆေးရုံတင်ထားရပြီး အမှုဖွင့်စစ်ဆေးနေ

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ရိုက်နှက်ခံကလေးငယ်ကို ဆေးရုံတင်ထားရပြီး အမှုဖွင့်စစ်ဆေးနေ
သတင်းဓာတ်ပုံ - ဒေါင်းလန်း

မတ္တရာ   ဧပြီ   ၂၆ ။           ။ ဘုန်းကြီးတစ်စုက ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အဋ္ဌမတန်းကျောင်းသား မောင်ဝေဖြိုးနိုင် (၁၄) နှစ်သည် မတ္တရာမြို့နယ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရပြီး ရဲတပ်ဖွဲ့မှ အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၆ ရက်၊ လူမှုကွန်ယက်ပေါ်တွင် ဘုန်းကြီးများက ကလေးငယ်တစ်ဦးကို ဆံပင်ဆွဲ၍ တုတ်ဖြင့်ရိုက်နှက်ကာ မျက်နှာကို  လက်ဖြင့်ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးနောက် ယင်းကဲ့သို့ အရေးယူရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက မဇ္ဈိမကို ပြောသည်။

"သံဃာရယ်လို့မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့ကတော့ လူပဲဖြစ်ဖြစ်၊ သံဃာပဲဖြစ်ဖြစ် အကြမ်းဖက်တာတော့ မကောင်းဘူးပေါ့နော်၊ အခု ဒီအမှုကို ကလေးမိဘတွေက အမှုဖွင့်နေပြီ၊ တရားရေးကနေ မှန်မှန်ကန်ကန်ဆောင် ရွက်ဖို့ ကျွန်တော်တို့ စောင့်ကြည့်သွားမယ်၊ အနေအထား ပေါ် မူတည်ပြီး လုပ်စရာရှိတာ လုပ်ပေးသွားမှာပါ" ဟု တ္တရာမြို့နယ်၊ တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၊တောင်ကန်အုပ်စု၊ ကင်းရွာ လွင်ဦးကျောင်း(တောင်ကျောင်း)တွင် ဧပြီလ၂၁ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အရိုက်ခံရသည့် မောင်ဝေဖြိုးနိုင်သည် ကင်းရွာတွင် နေထိုင်သူဖြစ်ပြီး အဋ္ဌမတန်း ဖြေဆိုထားသူဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း ကလေးငယ် ၂ ဦး သရက်သီးကောက်ရာမှ အရိုက်ခံရသည့် မောင်ဝေဖြိုးနိုင်က "ခွေးပါးစပ်က နတ်စကားထွက်တယ်" ဟု ပြောမိပြီး အပြောခံရသည့်ကလေးက ဘုန်းကြီးကိုသွားတိုင်ရာမှ ယခု ကဲ့သို့ အရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ကင်းရွာသားတစ် ဦးဖြစ်သူ ကိုဒေါင်းလန်းက ပြောသည်။

" အဲဒီဆရာတော်ကို ရွာထဲက ခေါ်ကြတာကတော့ ဦးဇင်း စိုးလို့ပဲ ခေါ်ကြတယ်၊ ကလေးမိဘတွေကလည်း ဆင်းရဲကြတယ်၊ သစ်ခုတ်ဝါးခုတ်လုပ်ကြတယ်၊ အခု အမှု ဖွင့်တာက မိဘတွေကိုယ်တိုင်ပဲ၊ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့ပူးပေါင်းပြီး ကူညီပေးနေတာ၊ မြို့နယ် သံဃာ့အဖွဲ့အစည်းက ဆရာတော်ဘုရားကြီးတွေကလည်း အရေးယူတာတွေ ဆောင်ရွက်လိမ့်မယ် ထင်ပါ တယ်" ဟု ကိုဒေါင်းလန်းက ပြောသည်။

ထို့ပြင် အရိုက်ခံရသည့် မောင်ဝေဖြိုးနိုင် (၁၄)နှစ်သည် နောက်ကျော၊ ရင်ဘက်၊ မျက်နှာ တို့တွင် ပြင်ပဒဏ်ရာ အနေနှင့် ရရှိခဲ့ပြီး လက်ရှိအခြေအနေအထားတွင် အဆိုပါအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက မျက်မြင်သက်သေများကို စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly