ဖမ်းဆီးခံ ရိုက်တာသတင်းများနဲ့ ရဲဝန်ထမ်းများကို ပြန်လွှတ်ရန် သမ္မတထံသို့ အရပ်ဘက်အဖွဲ့အစည်း ၁၆၀ ကျော် အိတ်ဖွင့်စာပို့

ဖမ်းဆီးခံ ရိုက်တာသတင်းများနဲ့ ရဲဝန်ထမ်းများကို ပြန်လွှတ်ရန် သမ္မတထံသို့ အရပ်ဘက်အဖွဲ့အစည်း ၁၆၀ ကျော် အိတ်ဖွင့်စာပို့
ဓာတ်ပုံ - အေအပ်ပီ

ရန်ကုန် ၊ ဧပြီ ၂၆ ။            ။ နိုင်ငံတော် လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်များ ဖြစ်သည့် ကိုဝလုံး(ခ)ကိုသက်ဦးမောင် ၊ ကိုကျော်စိုးဦး နှင့် ရဲဝန်ထမ်းများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကို အရပ်ဘက်အဖွဲ့အစည်း ၁၆၀ ကျော်က ယနေ့ ဧပြီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်စာပေးပို့ခဲ့သည်။

ရိုက်တာသတင်းထောက်များကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည့် ကိစ္စကိုလည်း နိုင်ငံတော်အဆင့် လွတ်လပ် သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖွဲ့စည်းပြီး စုံးစမ်းဖော်ထုတ်ပေးရန်လည်း ယင်းအိတ်ဖွင့်ပေးစာထဲတွင် ပါရှိသည်။

ယင်းအပြင် ဖမ်းဆီးခံသတင်းထောက်များ ၊ ရဲဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံး၏ စိတ်ပိုင်းဆိုင်ရာ လုံခြံုရေး ၊ ရုပ်ပိုင်းဆိုင်ရာလုံခြံုရေး ၊ ကျန်းမာရေးအခြေအနေနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေအနေအရပ်ရပ် ကိုလည်း ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ပေးရန်လည်း အရပ်ဘက်အဖွဲ့အစည်းတွေ၏ တောင်းဆိုချက်တွင် ပါရှိသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ နှစ်သစ်ကုူး နှုတ်ဆက်စကားတွင် "ဘက်မလိုက်သော ၊ လွတ်လပ်သော ၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရားတို့ကို ချိန်ခွင်လျှာကဲ့သို့ ထိန်းညှိနိုင်သော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းမည်" ဟု ပြောဆိုခဲ့ခြင်းကြောင့် အဆိုပါစကားကိုအကောင်အထည်ဖော်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆၀ ကျော် က တောင်းဆိုခဲ့သည်။

ရိုက်တာသတင်းသမားနှစ်ဦးကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင်ဖမ်းဆီးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး၌ ထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်သည် အစိုးရဘက်က တင်သွင်းသည့် တရားလိုပြသက်သေဖြစ်ပြီး ၄င်းကို မယုံကြည်ရသည့် သက်သေအဖြစ်ကြေညာပေးရန်အစိုးရတရားလိုရှေ့နေ့က လျှောက်လဲချက်ပေးခဲ့ပြီး လာမည့် မေလ ၂ ရက်နေ့တွင် တရားရုံးက ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စာပို့အကြောင်းကြားခဲ့ပြီး ယင်းစာထဲတွင် ဒုရဲမှူးမိုးရန်နိုင်အား သူ၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိရန် အကြောင်းကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly