ထရမ့်ကိုထောက်ခံမှုကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည့် အဆိုတော် ကန်ယေးဝက်စ်

ထရမ့်ကိုထောက်ခံမှုကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည့် အဆိုတော် ကန်ယေးဝက်စ်

အမေရိကန်နာမည်ကျော်ရက်ပ်အဆိုတော် ကန်ယေးဝက်စ်သည် တွစ်တာအသုံးပြုချိန်တွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံမှုများပြသခဲ့သည့်အတွက် ထရမ့်၏ကျေးဇူးတင်မှုကိုရရှိခဲ့သလို ပရိသတ် အများအပြား၏ ဝေဖန်မှုများကိုလည်း ရရှိခဲ့သည်။

အသက် ၄၀ အရွယ်ရှိ ကန်ယေးဝက်စ်သည် ထရမ့်၏ရွေးကောက်ပွဲကာလက မဲဆွယ်စည်းရုံးရာတွင် အသုံးပြုခဲ့ ပြီး ထရမ့်ကိုယ်တိုင်လက်မှတ်ထိုး၍ပေးထားသော Make American Great Again ဟု စာရိုက်နှိပ်ထားသည့် ဦးထုပ်ကိုရိုက်ထားသော ဓာတ်ပုံအပါအဝင် ထရမ့်ကိုထောက်ခံသည့် သူ၏တွိဒ်အများအပြားကိုတင်ခဲ့သည်။

“ထရမ့်နဲ့ပက်သက်လို့ အရာရာတိုင်းကို ခင်ဗျားတို့ သဘောတူစရာမလိုပါဘူး။ ဒါပေမယ့် လူအများအနေနဲ့ ကျနော်သူ့ကို မချစ်ခင်၊ မနှစ်သက်အောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး” ဟု ကန်ယေးက ရေးခဲ့သည်။

ထိုသို့ရေးသားချက်ကို ထရမ့်က တွစ်တာမှတဆင့် “ကျေးဇူးတင်ပါတယ် ကန်ယေးရေ။ အရမ်းကိုမိုက်ပါတယ်” ဟု ရေးသားကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၀၁၆ ဒီဇင်ဘာလက ထရမ့်နှင့်တွေ့ဆုံခဲ့သည့် ကန်ယေးဝက်စ်က သူနှင့်သမ္မတထရမ့်တို့သည် နဂါးစွမ်းအားများကို အတူမျှဝေထားကြောင်းနှင့် မစ္စတာထရမ့်သည် သူ၏အစ်ကိုတစ်ဦးလိုဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့အစောပိုင်းက တွစ်တာပေါ်၌ ရေးသားခဲ့သေးသည်။

ဒါ့အပြင် ကန်ယေးဝက်စ်သည် ထရမ့်မတိုင်ခင် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ချီကာဂိုမြို့သား ဘားရက်အိုဘားမားကိုလည်း ဝေဖန်ပြောဆိုခဲ့သည်။ ကန်ယေးက အိုဘားမားသည် သမ္မတအဖြစ် ၈နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ချီကာဂိုမြို့ကြီး ပြောင်းလဲသွားအောင် ဘာမှမစွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကန်ယေး၏ ထိုသို့ပြောကြားချက်များသည် တွစ်တာပေါ်၌ ဂယက်ထသွားခဲ့ပြီးနောက်တွင် သူ့ကိုဝေဖန်သူ အများအပြားရှိလာခဲ့သော်လည်း သူ၏ဇနီးဖြစ်သော နာမည်ကျော်မော်ဒယ် ကင်မ်ကာဒါရှန်းနှင့် အဆိုတော် Chance The Rapper  တို့ကမူ သူ၏ဘက်မှ ကာကွယ်ပြောကြားခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly