လူ၂ ဦးအား ဆေးလိပ်မီးနှင့်တို့ခြင်းအပါအဝင် စစ်ဆေးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား အရေးယူထား

လူ၂ ဦးအား ဆေးလိပ်မီးနှင့်တို့ခြင်းအပါအဝင် စစ်ဆေးခဲ့သော ရဲတပ်ဖွဲ့ဝင်များအား အရေးယူထား

 

ပုသိမ်၊ ဧပြီ ၂၆ ။               ။ ခိုးမှုဖြင့် ခေါ်ယူစစ်ဆေးခဲ့သူ ၂ ဦးကို ဆေးလိပ်မီးနှင့်တို့ကာ အလွန်အကျွံစစ်မေးခဲ့ကြသော လပွတ္တာမြို့နယ်မှူး၊ ပိုးလောင်းစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထား ကြောင်းကို ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ ့မှူးရုံးက ဒုတိယရဲမှူးကြီး ခင်မောင်လတ်က မဇ္စျိမသို ့ပြောသည်။

"ရဲတပ်ဖွဲ့ဝင်ဖြစ်လို့လည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူထားတယ် ။ စခန်းမှူး၊မြို့နယ်မှူးအပါဝင် တပ်ဖွဲ့ဝင် ရ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူထားတယ်၊ ကာယကံရှင်ဆန္ဒနဲ့ အမှုဖွင့် တိုင်ကြားလို့ ပြင်စလူရဲစခန်း ပနံပတ်၂၂/၂၀၁၈ ရာဇသတ်ကြီး ၃၄၀၊ ၃၄၄ ၁၁၄ နဲ့လည်း အမှုဖွင့်ပြီး ဆောင်ရွက်ထားတယ်၊ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက ပြစ်မှုတွေကျုးလွန်ရင် နယ်ဘက်ရော၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ပါတယ်၊ပြစ်ဒဏ်က ရဲတရားရုံး ဥက္ကဋ္ဌဆုံးဖြတ်ချက်အတိုင်းပါပဲ။ သူ ကျုးလွန်တဲ့ ပုဒ်မပေါ်မူတည်ပြိ်း ပြစ်ဒဏ်က ပေးသွားမှာပါ”ဟု ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပိုးလောင်း နယ်မြေရဲစခန်းတွင် ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သက်ပြီး ပြောသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလအတွင်းက လပွတ္တာမြို့နယ်၊ ဒေါင်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ငွေကျပ် သိန်း ၄၀၀ ခိုးယူမှုနှင့်ပတ်သက်ပြီး ဒေါင်ချောင်းကျေးရွာနေသူနှစ်ဦး မသင်္ကာ၍ခေါ်ယူစစ်ဆေးရာ ပိုးလောင်းနယ်မြေရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များက တုတ်တန်းတွင် ဆွဲထားခြင်းများ၊ ရိုက်နှက်ခြင်းများအပြင် ပေါင်နှင့် အမျိုးသားအင်္ဂါများသို့ ဖယောင်းစက်ချခြင်း၊ ရေသန့်ဗူးခွံမီးရှို့ အစက်ချခြင်းများ၊ ပလပ်စတစ်ကြိုး မီးရှို့ပြီး အစက်ချခြင်းများအား ပြုလုပ်ခံရကြောင်းကို ကာယကံရှင်များက မီဒီယာသို့ မတ်လ ၂၉ ရက်တွင် ပြောခဲ့ကြသည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာနေ မသင်္ကကာတရားခံ ၂ ဦး အား ပိုးလောင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့က ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ ဧရာဝတီတိုင်းဒေသကြီးသို့ မတ်လ၂၉ ရက်နေ့ မှ ဧပြီလ ၁ ရက်နေ့အထိ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပြီး ကော်မရှင်၏ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က နယ်မြေကွင်းဆင်းစစ်ဆေးပြီး ဧပြီလ ၅ ရက်နေ့တွင် "ကော်မရှင်၏ အကြံပြုချက်များတွင် လူ့အခွင့်အရေး ဖောက်ဖျက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူဆောင်ရွက် သင့်ကြောင်းနှင့် အမှုနှင့်ပတ်သက်သည့် တရားခံကို ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ အမြန်ဆုံးဖော်ထုတ်ပြီး သက်သေခိုင်လုံစွာဖြင့် တရားစွဲတင်နိုင်ရေး တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း” မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ထုတ်ပြန်ထားသည်။

ညှင်းပမ်းနှိပ်စက်ခံရသူ ဒေါင်ချောင်းကျေးရွာနေသူ ဦးခင်မောင်လတ်နှင့်ဦးစိုးမြတ်အောင်တို့နှစ်ဦးအား လပွတ္တာ မြို့နယ်တွင် မတ်လ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် က တွေ့ဆုံစစ်ဆေးခဲ့ သည်။

လပွတ္တာမြို့နယ်၊ ပြင်စလူကျေးရွာအုပ်စု ဒေါင်ချောင်းကျေးရွာတွင် ဇန်နဝါရီလအတွင်း သိန်း ၄၀၀ ကျပ် ခိုးမှု ဖြစ်ပွားခဲ့ပြီး ပိုးလောင်းနယ်မြေရဲစခန်းတွင် ပြစ်မှုနံပါတ် ၈/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထား သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး မသင်္ကာသူ ဦးခင်မောင်လတ်နှင့် ဦးစိုးမြတ်အောင်တို့အား ခေါ်ယူစစ်ဆေးပြီး ဖယောင်းစက်ချခြင်း၊ ရေသန့်ဗူးခွံမီးရှို့အစက်ချခြင်း၊ ပလပ်စတစ်မီးရှို့ပြီး အစက်ချစစ်ဆေးခြင်းများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly