ထိုင်ဝမ်စစ်မှုထမ်းဟောင်းများ ပင်စင်လျှော့ချမည်ကို ဆန္ဒပြရာ ရဲနှင့် ထိပ်တိုက်တွေ့

ထိုင်ဝမ်စစ်မှုထမ်းဟောင်းများ ပင်စင်လျှော့ချမည်ကို ဆန္ဒပြရာ ရဲနှင့် ထိပ်တိုက်တွေ့

 

တိုင်ပေ၊ ဧပြီ ၂၆ ။         ။ ထိုင်ဝမ်တွင် စီစဉ်နေသော  ပင်စင်လျှော့ချမှုကို ဆန့်ကျင်ဆန္ဒပြမှုများ နောက်ဆုံးအခေါက်တွင် ဧပြီ ၂၅ ရက်၌ စစ်မှုထမ်းဟောင်းများက လွှတ်တော်အား ၀င်စီးရန် ကြိုးစားရာတွင် ရဲနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည်။

တိုင်ပေရှိ လွှတ်တော်အဆောက်အအုံတွင် ရဲများက စောင့်ကြပ်နေစဉ် ဆန္ဒပြသူ ရာပေါင်းများစွာ လွှတ်တော် ၀င်ပေါက်တွင် စုရုံးကြပြီး တစ်ချို့က မီးခိုးဗုံးများ၊ ရေဘူးများဖြင့် ပစ်ပေါက်ကြသည်။

၎င်းဆန္ဒပြသူများက လွှတ်တော်ဝင်းအတွင်းသို့ သစ်သားခေါင်းတလားအလွတ်တစ်လုံးကိုပါ သွင်းရန် လုပ်ကြသည်ကို ရုပ်မြင်သံကြားမှ  မြင်တွေ့ရသည်။

“ကျွန်တော်တို့တွေရဲ့ လက်ခံခြင်း မရှိဘဲ အစိုးရက ကျွန်တော်တို့ ပင်စင်ကို ဘယ်လို တစ်ဖက်သတ် လျှော့ချဖို့ လုပ်နိုင်မလဲ။ အစိုးရဟာ သုံးမရဘူး၊ မမျှတဘူး၊ မတရားဘူး။”ဟု ဆန္ဒပြမှုကို ကြီးမှူးသော Blue Sky Action Alliance ၏ ဥက္ကဌဖြစ်သူ ၀ုချင်ချန်းက ပြောသည်။

လွှတ်တော်ဂိတ်တံခါးကို ကျော်တက်ရန် ကြိုးစားခြင်းကြောင့်  ဆန္ဒပြသူ ၆၃ ဦးခန့် ထိန်းသိမ်းထားပြီး ကျန်သူများမှာလည်း ကြိုးများ၊ ချိန်းများဖြင့် ဂိတ်တံခါးကို ဖြိုလှဲရန် လုပ်ဆောင်ကြကြောင်း ရဲက ဆိုသည်။

လွှတ်တော်ဝင်း ပြင်ပတွင် စည်းချထားသော အတားအဆီးအချို့ကိုလည်း ဆန္ဒပြသူများက ဖျက်ဆီးပစ်သည်။ ရဲ ၃၂ ဦးနှင့် သတင်းထောက် ၁၁ ဦး ထိခိုက်ဒဏ်ရာရကြောင်း ရဲက ပြောသည်။

“ပင်စင်အပြောင်းအလဲကို ဆန့်ကျင်တဲ့ အုပ်စုတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ဒီဆူပူအကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးသွားမယ်။ ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်အမြင် ခံယူချက်ကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ထုတ်ဖော်နိုင်ပြီး ဥပဒေကို မချိုးဖောက်ဖို့ တိုက်တွန်းတယ်။”ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly