အီရန်နျူလကီးယားသဘောတူညီမှုမှ အမေရိကန် နုတ်ထွက်သွားလိမ့်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန် ယုံကြည်ထား

အီရန်နျူလကီးယားသဘောတူညီမှုမှ အမေရိကန် နုတ်ထွက်သွားလိမ့်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန် ယုံကြည်ထား

၀ါရှင်တန်၊ ဧပြီ ၂၆ ။        ။ အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံ ချုပ်ဆိုထားသော ၂၀၁၅ နျူကလီးယားသဘောတူညီမှုမှ အမေရိကန်က နုတ်ထွက်သွားလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြင်သစ်သမ္မတက ဧပြီ ၂၆ ရက်တွင် ပြောသည်။

“ကျွန်တော် ယုံထားတာကတော့ ခင်ဗျားတို့ရဲ့ သမ္မတ(ဒေါ်နယ်ထရမ့်)အနေဲ့ ပြည်တွင်းအကြောင်းချင်းရာတွေကြောင့် သူ့ကိုယ်ပိုင် ရပ်တည်ချက်အဖြစ် ဒီသဘောတူညီမှုကနေ ရုပ်သိမ်းလိုက်မှာဖြစ်တယ်။”ဟု အမေရိကန်သို့ အလည်အပတ် သုံးရက်ခရီးစဉ်ရောက်ရှိသည့် မက်ခရွန်က ၀ါရှင်တန်တွင် သတင်းထောက်များအား ပြောသည်။

ဧပြီ ၂၄ ရက်က သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်နျူကလီးယားသဘောတူညီမှု၏ အနာဂတ်အရေးအပေါ် တွေ့ဆုံဆွေးနွေးခဲ့သူ မက်ခရွန်က သမ္မတ ထရမ့်က မည်သို့ ဆုံးဖြတ်မည်ဆိုခြင်းနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့်  အတွင်းသတင်း မသိရကြောင်း ပြောသည်။

အဆိုပါ သဘောတူညီမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို မေ ၁၂ ရက် မတိုင်မီ ထုတ်ပြန်ရန် ထရမ့်က စီစဉ်ထားပြီး ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှ၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့နှင့်  ၂၀၁၅ ခုနှစ်က ချုပ်ဆိုထားသော ယင်းသဘောတူညီမှုအပေါ် အီရန်က မည်မျှအထိ လိုက်နာသည် ဆိုခြင်းနှင့် ပတ်သက်ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

သမ္မတဟောင်း အိုဘားမားလက်ထက်က ချုပ်ဆိုသော ယင်းသဘောတူညီမှုသည် အီရန်၏ ပဲ့ထိန်းဒုံးကျည် အသုံးပြုမှုများကို စည်းမကြပ်မတ်နိုင်ဟု အဓိကထားကာ သမ္မတ ထရမ့်က ဝေဖန်လျက် ရှိနေခဲ့ခြင်း ဖြစ်သည်။

မက်ခရွန်က ထရမ့်နှင့် တွေ့ဆုံခဲ့ချိန်တွင် ယင်းသဘောတူညီမှုမှ နုတ်ထွက်ခြင်းထက် နောက်ထပ်တိုး သဘောတူညီမှုများ ရရေး စေ့စပ်ညှိနှိုင်းရန် နားချခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly