အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံထားရသော အဆိုတော်အစ္စဏီကို ပထမအကြိမ်ရုံးထုတ်

အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခံထားရသော အဆိုတော်အစ္စဏီကို ပထမအကြိမ်ရုံးထုတ်
ဓာတ်ပုံ - သက်ကို

 

ဧပြီလ ၂၆ ။              ။ အလိုမတူဘဲ အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်တိုင်ကြားခံထားရသော အဆိုတော်အစ္စဏီကို ဧပြီလ ၂၆ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၁၂ ရက်နေ့၊ အဆိုတော်အစ္စဏီက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း မော်ဒယ် စူးရှထက်က တာမွေမြို့နယ်ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး တာမွေမြို့မရဲစခန်းမှ (ပ)၃၆၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သော လက်နက်ဖြင့် သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးနေခြင်း ဖြစ်သည်။

ယနေ့ ရုံးချိန်းသည် ဒုတိယအကြိမ် ရမန်ယူခဲ့ခြင်း ဖြစ်ပြီး လာမည့် မေလ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၂ရက်နေ့ ည ၂နာရီ တွင် မော်ဒယ် မ-----(ခ)-------(၂၇)နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေစဉ် ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်မှ ဘားအတွင်း ဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် မ-----(ခ)-------က ၎င်းငှားရမ်း နေထိုင်သည့် တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာမှ ယင်းသို့ ဖြစ်ပွားခဲ့သည်ဟု   ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်ကြားသူ မော်ဒယ်စူးရှထက်ဘက်မှ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က လိုက်ပါဆောင်ရွက် ပေးသွားမည်ဟု ထပ်မံသိရှိရသည်။

ယနေ့ ရုံးချိန်းအတွက် တရားရုံးသို့ လာရောက်စဉ် အဆိုတော် အစ္စဏီသည်  ဦးထုပ်ဆောင်းပြီး နှာခေါင်းစည်း တပ်ထားကြောင်း တွေ့ရှိခဲ့ရပြီး အဆိုတော်အစ္စဏီရဲ့ မိခင်ဖြစ်သူလည်း ရုံးချိန်းလာရောက်ခဲ့ကြောင်း တွေ့မြင်ရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly