မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပခုက္ကူဖောင်ကွဲကျေးရွာတွင် ပြုလုပ်

မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပခုက္ကူဖောင်ကွဲကျေးရွာတွင် ပြုလုပ်

ပခုက္ကူ ၊ဧပြီ ၂၅ ။            ။ မုန်တိုင်းမကျရောက်မီအချိန်နှင့် မုန်တိုင်းကျရောက်စဉ်ကာလတွင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန်ရည်ရွယ်ပြီး  မုန်တိုင်းအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ ဖောင်းကွဲကျေးရွာတွင် ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

မုန်တိုင်းအန္တရာယ်ရှိတတ်သော မိုးကြိုကာလမတိုင်ခင် ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသသည် ယမန်နှစ်က လေပြင်းများ ထိခိုက်ခဲ့သောဒေသဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့ ဘယ်လို ကြိုတင်ပြင်ဆင်ရမလဲ၊ ကြိုတင်ကာကွယ်ရမလဲဆိုတဲ့ အသိပညာတွေ၊ မုန်တိုင်းကျရောက်နေစဉ်မှာ ဘယ်လိုပြုမူနေထိုင်ရမလည်း၊မုန်တိုင်းပြီးသွားတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးကဏ္ဍတွေကို နားလည်သဘောပေါက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ယခုလိုဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ် ပြုလုပ်ခြင်းဖြစ်ပါတယ်"ဟု ဦးနေဝင်း(လက်ထောက်ညွှန့်ကြားရေးမှူး)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ပခုက္ကူ ခရိုင်)က မဇ္ဈိမသို့ပြောသည်။

အဆိုပါ အစီအစဉ်အား ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊မြန်မာနိုင်ငံမီးသတ်၊ ကြက်ခြေနီ ၊ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတ အဖွဲ့အစည်းများ၊ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ  ၅၀၀ ကျော်ပါဝင်ခဲ့သည်။

" သဘာဝဘေးအန္တရာယ် ကျရောက်လာရင် ပြည်သူတွေအနေနဲ့ ဘယ်လိုတိမ်းရှောင်ရမလဲ၊ ကြိုတင်စီစဉ်ရမဲ့ကိစ္စ၊ မုန်တိုင်းပြီးပြန်လည်ထူထောင်ရေးကဏ္ဍတွေ တွေ့ရတယ်။ ဒါကြောင့် ခုလို လာရောက်ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်" ဟု ဖောင်းကွဲရွာမှ ကိုဝင်းညွှန့်က ဆိုသည်။

ပခုက္ကူ မြို့နယ်၊ဖောင်းကွဲကျေးရွာအုပ်စုအနေဖြင့် ပြီးခဲ့သည့် ၂၀၁၇နှစ် မေလက လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၈၇ လုံးနီးပါး အမိုးလန်ပြီး အိမ်ခြေ ၂၅ လုံး  ပြိုကျမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly