ဆာလာကို ပါရမီရှင်လို့ ချီးကျူးလိုက်တဲ့ ကလော့ပ်

ဆာလာကို ပါရမီရှင်လို့ ချီးကျူးလိုက်တဲ့ ကလော့ပ်

အသင်းဟောင်းနဲ့ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ အီဂျစ်လက်ရွေးစင်ကစားသမား မိုဟာမက် ဆာလာဟာ ပါရမီရှင်တစ်ဦး ဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ချီးကျူးလိုက်ပါတယ်။

အန်ဖီးလ်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟာ အသင်းဟောင်း ရိုးမားဘက်ကို နှစ်ဂိုးသွင်းနိုင်ခဲ့သလို နှစ်ဂိုးလည်း ဖန်တီးနိုင်ခဲ့ပြီး ပွဲအပြီးမှာ လီဗာပူးလ်က ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ပွဲပြီးကာနီးမှ အဝေးဂိုး နှစ်ဂိုးပြန်ပေးလိုက်ရသလို ကွင်းလယ်ကစားသမား ချမ်ဘာလိန်လည်း ရာသီကုန်အထိနဲ့ ကမ္ဘာ့ဖလားကိုလွဲနိုင်လောက်တဲ့အထိ ဒဏ်ရာရသွားတာကတော့ စိုးရိမ်စရာပါ။

လီဗာပူးလ်အတွက်ဂိုးတွေကိုတော့ ဆာလာက နှစ်ဂိုး၊ ဖာမီနိုက နှစ်ဂိုးနဲ့ မာနေးက တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဆာလာရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး ကလော့ပ်က “သူက တားဆီးမရနိုင်လောက်အောင် ထူးချွန်သူပါ။

ပထမဂိုးက ကောင်းလွန်းပါတယ်။ ဒီလိုဂိုးမျိုးတွေကို သူသွင်းလေ့ရှိပေမယ့် ဒီဂိုးက ပိုကောင်းတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီလိုပုံစံမျိုး ထပ်တူမရှိနိုင်လို့ပါ” လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ရိုးမားအသင်းဟာ ကွာတားဖိုင်နယ်မှာတုန်းကလည်း ဘာစီလိုနာကို ပထမအကျော့ အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးမှ အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ပြန်လည်အနိုင်ရခဲ့လို့ ဆီမီးအဆင့်ကို တက်လာခဲ့တာပါ။

ဒါကြောင့် ဆီမီးပွဲစဉ်ကို အိမ်ကွင်းမှာ ပြန်လည်ကစားရတဲ့အခါမှာလည်း အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်အောင် ကြိုးစားသွားမယ်လို့ ရိုးမားနည်းပြ ဒီဖရန်ဆက်စကိုက ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly