၄ လကြာ နောက်ဆုတ်ခဲ့ရသော ရခိုင်လူငယ်ညီလာခံကို မေလပထမအပတ်တွင် ကျင်းပမည်

၄ လကြာ နောက်ဆုတ်ခဲ့ရသော ရခိုင်လူငယ်ညီလာခံကို မေလပထမအပတ်တွင် ကျင်းပမည်
ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးအတွက် အကြိုတွေ့ ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ တောင်ကုတ်မြို့ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့စဉ်(ဓာတ်ပုံ- CJ)
 

 

တောင်ကုတ်၊ ဧပြီ ၂၅ ရက်။                        ။  ငွေကြေးဆိုင်ရာအခက်ခဲအချို့နှင့် စီမံခန့်ခွဲမှုအပိုင်းတွင် အဆင့်သင့်မဖြစ်ခဲ့၍ ၄ လ ကြာ နောက်ဆုတ်ခဲ့ရသော ရခိုင်လူငယ်ညီလာခံကို လာမည့် မေလ ၁ ရက်မှ ၅ ရက်နေ့ထိ တောင်ကုတ်မြို့ တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ကြောင်း ရခိုင်လူငယ်ညီလာခံ ဖော်ဆောင်ရေးအဖွဲ့ဝင်များက ပြောသည်။

 အဆိုပါညီလာခံတွင် လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်ကိုင်အခွင့်အလမ်းဆိုသော ကျောရိုးမဏ္ဍိုင်ကြီး ခေါင်းစဉ် ၄ ခုဖြင့် လူငယ်များ စုပေါင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ညီလာခံဖော်ဆောင်ရေးအဖွဲ့ဝင် ဦးခိုင်မိုးထွန်းက ပြောသည်။

 “အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်အရေးကို ကျနော်တို့ လူငယ်တွေ စုပေါင်းပြီး ဘယ်လိုဖန်တီးနိုင်မလဲ ပေါ့။ ပထမ တစ်ခေါက်ညီလာခံကို ၂၀၁၇ ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ကျွန်တော်တို့ဖက်က အဆင်သင့်မဖြစ်သေးလို့ ၃လ၊ ၄လ လောက် နောက်ဆုတ်လိုက်ရတာပါ။ အခုက အစည်းဝေး ၃ ကြိမ်၊ ၄ ကြိမ်လောက် ကျင်းပပြီးမှ ကျနော်တို့ ကျင်းပမယ့်ရက်ကို သတ်မှတ်လိုက်တာပါ။ တောင်ကုတ်မှာပဲ အစည်းဝေးလုပ်တာပါ။”ဟု ဦးခိုင်မိုးထွန်းက ဆိုသည်။

ရှေးဦးစွာ ရခိုင်လူငယ်ညီလာခံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ကျင်းပနိုင်ရန်အတွက် ညီလာခံ ဖော်ဆောင်ရေး ကော်မတီဝင်များက စီစဉ်ထားခြင်းဖြစ်သည်။

 ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်အခန်းကဏ္ဍများတွင် လူငယ်များအနေဖြင့် မည့်သို့ ပူးပေါင်း ပါဝင်ဆောာင်ရွက်သင့်သည်ကို အနာဂတ်လူငယ်များ စုပေါင်းပြီး ဆွေးနွေးနိုင်စေရန် ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ညီလာခံကို စိတ်ပါဝင်စားသည့် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့စည်းက လူငယ်များမဆို တက်ရောက် လေ့လာနိုင်ရန် အတွက် ပွင့်လင်းမြင်သာစွာ ကျင်းပသွားရန် စီစဉ်ထားကြောင်း ညီလာခံဖော်ဆောင်ရေးအဖွဲ့ဝင် များက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ခုစီက ကိုယ်စားလှယ် ၅ ဦးစီပါဝင်သည့် ရခိုင်လူငယ် အကြိုညီလာခံတစ်ရပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ မာန်အောင်မြို့နယ်တွင် ကျင်းပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly