ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာပေးရန် အစိုးရတရားလိုရှေ့နေ လျှောက်လဲ

ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာပေးရန် အစိုးရတရားလိုရှေ့နေ လျှောက်လဲ
ဓာတ်ပုံ-AFP

 

ရန်ကုန် ၊ ဧပြီ ၂၅ ။                   ။ နိုင်ငံတော်လျှိူ့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းသမားများအမှုတွင် တရားလိုပြသက်သေဖြစ်သည့် ဒုရဲမှူး မိုးရန်နိုင်မှ ထွက်ဆိုခဲ့ခြင်းသည် မမှန်မကန် ထွက်ဆိုခဲ့ခြင်းကြောင့် မယုံကြည်ထိုက်သည့်သက်သေအဖြစ်ကြေညာပေးရန် အစိုးရတရားလိုရှေ့နေက ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌   လျှောက်လဲချက်ပေးခဲ့သည်။

ရခိုင်ပြည်နယ် ၊ အင်းဒင်ကျေးရွာက လူသတ်မှုကို ဖော်ထုတ်ခဲ့သည့် ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ခြောက်ဆင်ဖမ်းဆီးရန်အတွက် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ဒုရဲမှူးမိုးရန်နိုင်က ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဒုရဲမှူးမိုးရန်နိုင်အနေဖြင့် အမှတ်(၈) လုံခြံုရေးရဲတပ်ရင်းတွင် ရက်ပေါင်း ၁၂၀ ကျော်ကြာ ချုပ်နှောင်ထားခြင်းခံရခြင်း စိတ်ညစ်နေကြောင်း ၊ ရဲမှူးချုပ် တင်ကိုကိုအပေါ်တွင် အာဃာတ ရှိနေသောကြောင့် ရဲရှေ့ထွက်ဆိုချက်နှင့် တရားရုံးရှေ့ထွက်ဆိုချက်မကိုက်ညီဘဲ မမှန်သက်သေထွက်ဆိုခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးထံ တရားလိုရှေ့နေက လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်သည်။

တရားလိုပြသက်သေဖြစ်သည့် ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် သက်သေထွက်ဆိုသည့်အခါတွင် လိမ်ညာပြီး ထွက်ဆိုခဲ့သည့်အချက်များ တွေ့ရှိရခြင်းမရှိဘဲ မှန်မှန်ကန်ကန်သာ ထွက်ဆိုခဲ့သည်ဟု ယုံကြည်ကြောင်း ရိုက်တာသတင်းသမားများဘက်က လျှောက်လဲချက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများကို ပြောဆိုခဲ့သည်။

"ခြံုပုတ်တွေ ဘယ်လောက်ကွယ်နေကွယ်နေ အမှန်တရားရဲ့ နေမင်းအလင်းရောင်ကို တရားသူကြီးက ပြသပေးမယ်လို့ ယုံကြည်ပါတယ်" ဟု ဦးခင်မောင်ဇော်က ဆိုသည်။

အဆိုပါ အပြန်အလှန် လျှောက်လဲချက်များကို ကြားနာအပြီး ဒုရဲမှူး မိုးရန်နိုင်အား မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာရန် သင့်မသင့်ကို မေလ ၂ ရက်နေ့တွင် ပြုလုပ်မည့် ၁၆ ကြိမ်မြောက် ရုံးထုတ်တွင် ဆုံးဖြတ်သွားမည်ဟု တရားသူကြီးက ဆိုသည်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သည့်ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လက်ဝယ်တွေ့ရှိခဲ့သည်ဟု ဆိုကာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး(ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးအပါအဝင် ဒုရဲမှူးမိုးရန်နိုင် ၊ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို ဖမ်းဆီးထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly