မြိတ်ကျွန်းစုဒေသထွက် ပြည်ပပို့ကုန်ဖြစ်သော ပင်လယ်ကဏန်းနီ ဖမ်းဆီးရရှိမှု အရနည်းလာ

မြိတ်ကျွန်းစုဒေသထွက် ပြည်ပပို့ကုန်ဖြစ်သော ပင်လယ်ကဏန်းနီ ဖမ်းဆီးရရှိမှု အရနည်းလာ

မြိတ်၊ ဧပြီလ ၂၄ ။           ။ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်ပြင်၌ ဖမ်းဆီးရသည့် မြိတ်ဒေသအခေါ် ကဏန်းဘုန်းကြီး (သို့) ကဏန်းနီသည်၊ ယခုနှစ်မှာ ဖမ်းဆီးရရှိမှု တဖြည်းဖြည်း နည်းပါးလာသည်ဟု ယင်းလုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။

ရေထွက်ပစ္စည်းစျေးကွက်အတွင်း ကဏန်းနီသည်၊ Spanner Crab ဟု ခေါ်ကြောင်း သိရပြီး ပြည်ပစျေးကွက် သို့ အများဆုံး တင်ပို့ရသည့် ရေထွက်ကုန်ပစ္စည်းတစ်ခု ဖြစ်ကြောင်း စျေးကွက် အတွင်းမှ သိရသည်။

“ ဒီ ကဏန်းနီက ပြီးခဲ့တဲ့ နှစ်များက လှေတစ်ခေါက်ဆိုက်ရင် ကဏန်းနီ ကီလိုချိန် ရှစ်ထောင်မှ တစ်သောင်း အထိ ရတာမျိုး ရှိပါတယ်၊ အခုက ဖမ်းဆီးရရှိမှုမှာ ယခုနှစ်မှာ ကီလိုချိန် သုံးထောင်ခန့်သာ ရတော့တယ်” ဟု ကဏန်းနီဖမ်းဆီးသူများထံမှ သိရသည်။

ကဏန်းနီ သည်၊ မြိတ်ကျွန်းစုပင်လယ်ပြင်တွင် ဖမ်းဆီးရပြီး၊ ရေအောက်ကြမ်းပြင်မှာ သံမြှံုးများဖြင့် ချကာ ဖမ်းဆီးရကြောင်း၊ မြိတ်နှင့်ရေမိုင် ၁၀၀ ကျော် ကွာဝေးပြီး၊ ဖမ်းဆီးမှု ကြာမြင့်ချိန်သည်၊ လှေတစ်ခေါက်လျှင် ပင်လယ်တွင် ၂ ပတ်ခန့်ကြာသည် ဟု ကဏန်းနီ ဖမ်းဆီးသော ရေလုပ်သားများထံမှ သိရသည်။

ရေထွက်ကုန်ပစ္စည်း စျေးကွက်အတွင်း ကဏန်းနီသည်၊ တစ်ကီလိုကို အရွယ်အစားပေါ်တွင် မူတည်၍ ကျပ် (၆၀၀၀ မှ ရ၀၀၀) အထိ ပေါက်စျေးရှိကြောင်း ယင်း စျေးကွက်အတွင်းမှ သိရသည်။

“အခုက ပင်လယ်ပြင်မှာ လိုင်းလှေတွေ တိုက်ခတ်မှုတွေများတော့ လေပြင်းနှင့် လိုင်းကြီးခြင်းတို့ကြောင့် ရေအောက် ကြမ်းပပြင်မှာ နေထိုင်တဲ့ ကဏန်းနီတွေက ရွေ့လျှားသွားနေကြတော့ ဖမ်းဆီးဖို့ မလွယ်သလို ဖမ်းဆီးမှုတွေလည်း ရနည်းလာတယ်” ဟု လုပ်သက် ၁၅ နှစ်ရှိ ပဲ့နင်း ဦးရွှေတင်က ပြောသည်။

အဆိုပါ ကဏန်းနီသည်၊ မြိတ်ဒေသရှိ အအေးခန်းစက်ရုံများမှ တဆင့် အေးခဲပြုပြင်ပြီး ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း၊ ဂျပန်၊ ဟောငကောင်နှင့် ထိုင်ဝမ် စသည့်နိုင်ငံများသို့ အများဆုံး တင်ပို့ကြောင်း အအေးခန်း စက်ရုံများထံမှ သိရသည်။

လက်ရှိမှာ မြိတ်ဒေသမှာ ကဏန်းနီ ဖမ်းဆီးသည့် စက်လှေများသည်၊ အစီးရေ (၄၀) ကျော် နီးပါးရှိနေပြီး၊ ပုံမှန်အားဖြင့် နှစ်စဉ် စတင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖမ်းဆီးရကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly