အာဆီယံထိပ်သီးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘဲ သမ္မတ ဦးဝင်းမြင့် တက်ရောက်မည်

အာဆီယံထိပ်သီးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘဲ သမ္မတ ဦးဝင်းမြင့် တက်ရောက်မည်
Photo-AFP

လာမည့် စင်ကာပူတွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖြစ်ဘဲ သမ္မတ ဦးဝင်းမြင့်သာ တက်ရောက်လိမ့်မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၆ ခုနှစ် အာဏာရပြီးချိန်နောက်ပိုင်း အာဆီယံအစည်းအဝေးသို့ ပထမဆုံး မတက်ရောက်ခြင််း ဖြစ်မည်ဖြစ်ပြီး ပြီးခဲ့သည့်လအတွင်းက သမ္မတအဖြစ် ကျမ်းသစ္စာဆိုသည့် ဦးဝင်းမြင့်က တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဧပြီ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်သော အဆိုပါ အာဆီယံ ထိပ်သီးညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် မည်သည့်အတွက် မတက်ရောက်ကြောင်းကို ဦးဇော်ဌေးက ပြောကြားခြင်း မရှိပေ။

အဆိုပါ အာဆီယံအစည်းအဝေးတွင် ရခိုင်ပြည်နယ်က ဘင်္ဂလီမွတ်စလင်ဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်ခြင်းများ ရှိလာနိုင်သည်။

ပြီးခဲ့သည့်လက ဆစ်ဒနီတွင် အာဆီယံနှင့် သြစတြေးလျကြား သုံးရက်တာအထူးထိပ်သီးညီလာခံတွင် အဆိုပါဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေးခြင်းများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် ကိုင်တွယ်ဖြေရှင်းနေရသည့် ကိစ္စရပ်များစွာ ရှိနေပြီး မြန်မာနိုင်ငံမှ ပြည်ပသို့ မထွက်ခွာနိုင်ကြောင်း ပြည်ထောင်စုအစိုးရရုံးဝန်ကြီး ဦးသောင်းထွန်းက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်သီတင်းပတ်က အပြန်အလှန်ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဖိလစ်ပိုင်တွင် ပြီးခဲ့သည့်နှစ်က ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးနှစ်ရပ်နှင့် လာအိုတွင် တမြန်နှစ်က ကျင်းပသော အာဆီယံအစည်းအဝေးနှစ်ရပ်သို့့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။

အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါ၀င်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly