Avatar ရုပ်ရှင်၏ နောက်ဆက်တွဲ ၄ ကားစလုံးကို ရိုက်ကူးနိုင်မည်ဟု ဂျိမ်းစ်ကင်မရွန်းမျှော်လင့်

Avatar ရုပ်ရှင်၏ နောက်ဆက်တွဲ ၄ ကားစလုံးကို ရိုက်ကူးနိုင်မည်ဟု ဂျိမ်းစ်ကင်မရွန်းမျှော်လင့်

နာမည်ကြီးဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းက လွန်ခဲ့သော ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့ပြီး ရုံဝင်ငွေပေါင်းများစွာရရှိခဲ့ သော စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Avatar ၏ နောက်ဆက်တွဲဇာတ်ကား ၄ ကားကို ရိုက်ကူးခွင့်ရရှိဖို့ မျှော်လင့် နေကြောင်း မကြာခင်က ပြောဆိုခဲ့သည်။

ကင်မရွန်းက သူသည် Fox ရုပ်ရှင်စတူဒီယိုနှင့် သဘောတူညီမှုရရှိထားပြီး Avatar ဒုတိယနှင့် တတိယမြောက် ဇာတ်ကားတို့ကို လာမည့်ရက် ၁၀၀ အတွင်း စတင်ရိုက်ကူးနိုင်လိမ့်မည်ဟု စနေနေ့က သတင်းထောက်များအား ပြောဆိုခဲ့သည်။

အကယ်၍ ယင်းဇာတ်ကားများအောင်မြင်မှုရရှိခဲ့ပါက သူသည် လေးကားနှင့် ငါးကားမြောက်တို့ကို ဆက်လက် ရိုက်ကူးသွားရန်စီစဉ်ထားပြီး သူ့အနေဖြင့် ဇာတ်လမ်းများရေးသားပြီးစီးသွားပြီဟုလည်း ပြောဆိုခဲ့သည်။

“ပုဂ္ဂိုလ်ရေးအရပြောရမယ်ဆိုရင်တော့ ဒီဇာတ်ကားအားလုံးကို ရိုက်ကူးခွင့်ရရှိဖို့ မျှော်လင့်ထားပြီး အာရုံလည်း စိုက်ထားပါတယ်” ဟု ကင်မရွန်းက ပြောခဲ့သည်။

Avatar ၏ နောက်ဆက်တွဲဇာတ်ကား ၄ ကားစလုံးတွင်ပါ၀င်သည့် ဇာတ်ကောင်များနှင့် သတ္တဝါများအတွက် ဒီဇိုင်းဆွဲပြီးသွားပြီဖြစ်ပြီး ရိုက်ကူးရေးပြုလုပ်မည့် စတူဒီယိုထဲ၌ ဖော်ပြထားပြီးပြီဟုလည်း ကင်မရွန်းကပြောဆိုခဲ့ သည်။

သို့သော်လည်း ထိုဒီဇိုင်းများကို သတင်းထောက်များအား ထုတ်ဖော်ပြသရန် ကင်မရွန်းက ငြင်းဆန်သွားခဲ့ သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly