ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား ကန့်ကွက်ဆန္ဒထုတ်ဖော်

ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား ကန့်ကွက်ဆန္ဒထုတ်ဖော်

 

မန္တလေး၊ ဧပြီ ၂၃ ။             ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံ မှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား ဧပြီလ ၂၃ ရက်၊ နံနက် ၉ နာရီ၊ ၃၀မိနစ်တွင် ဒေသခံများက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

ထိုသို့ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအားဖျက်သိမ်းပေးရန်အတွက် အောင်သပြေကျေးရွာ၊ မြကန်သာကျေးရွာ၊ သရက်ကိုင်းကျေးရွာ၊ ထုံးဘိုကျေးရွာ၊   ပြည်သာယာကျေးရွာ၊ကင်းရွာ ၊စာတိုက်တကာကျေးရွာတို့မှ ရွာသူ ရွာသားများက ပုသိမ်ကြီးမြို့ပေါ်တက်၍ ဆန္ဒဖော်ထုတ်တောင်းဆိုနေခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်ရာလမ်းတစ်လျှောက်တွင်တရားဥပဒေစိုးမိုးရေး ဒို့အရေး ၊ ဒို့အရေး ၊ အစိုးရပုံရိပ်ကို ထိခိုက်အောင် ပြောဆိုလုပ်က်ုင်နေသော အုပ်ချုပ်ရေးမှူးအား အရေးယူပေး အရေးယူပေး ၊ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ အပြီးအပိုင်ဖျက်သိမ်းပေးရေး ဒို့အရေး ၊ ဒို့အရေး စသည့်ကြွေးကြော်ခဲ့ကြသည်။

"တစ်ကမ္ဘာလုံးက ဆန့်ကျင်နေတဲ့ ကျောက်မီးသွေးစွမ်းအင်ကို ကျွန်တော်တို့ရွာနားမှာ လာလုပ်တာ လုံးဝမဖြစ်သင့်ဘူး။ စက်ရုံနဲ့ ရွာနဲ့က ခြံစည်းရိုးပဲခြားတယ်။ ကျောက်မီးသွေးစွမ်းအင်ကို ၂၀ မဂ္ဂါဝပ်သုံးရုံနဲ့ သုံးနှစ်အတွင်း ၅ မိုင်ပတ်ချာလည် လေထုညစ်ညမ်းစေပါတယ် ။ ခုဟာက မဂ္ဂါဝပ် ၄၀ သုံးမယ်လို့ သိရတယ် ။ ကျွန်တော်တို့ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထောက်ထားပြီး စက်ရုံဖျက်သိမ်းစေလိုပါတယ်။" ဟု ဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်သည့် အောင်သပြေကျေးရွာဒေသခံ ကိုဝင်းဇော်လတ်က ပြောသည်။

ထို့ပြင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်ရေးအတွက်အသုံးပြုရန် အဝင်လမ်း ပြုလုပ်ရာတွင်လည်း ရွာအဝင်လမ်းရှိ ကျွန်းပင် ၃၇၀ ကျော်နှင့် အခြားအပင် ရ၀၀ ကျော် ခုတ်လှဲဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့သည်ဟုလည်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူများကဆိုသည်။

"ဒီဘိလပ်မြေစက်ရုံဖြစ်လာခဲ့ရင် ဒေသခံတွေ အဖက်ဖက်က ထိခိုက်လာမှာပါ။ စမ်းသပ်ကာလမှာတင် ကျွန်တော်တို့ ရွာရဲ့အများသုံးရေကန် စပြီးပျက်စီးနေပါပြီ။ ကျွန်တော်တို့ ဒေသခံတွေအတွက် ဆိုးကျိုးပဲ ရှိပါတယ်။"ဟု ဦးဆောင်ဆန္ဒပြသူ ကိုမြင့်အောင်က ပြောသည်။

ထိုစက်ရုံစီမံကိန်းမပြုလုပ်ရန်အတွက် ၂၀၁၄ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ ကန့်ကွက်စာ များကို ၂၀၁၇ခုနှစ်၊နိုဝင်ဘာလအထိ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း   ဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

ထိုသို့ အကြိမ်ကြိမ်ကန့်ကွက်စာများတင်ခဲ့သော်လည်း ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်တွင် စက်ရုံ တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ချို့နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက် ပန္နက်ရိုက်ပေးခဲ့ကြသည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူများကဆိုသည်။

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက်နေမှုအား အစိုးရအဖွဲ့မှ တားဆီးမပိတ်သိမ်းပေးပါက ဆက်လက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly