အတိုက်အခံခေါင်းဆောင်နှင့်ဆွေးနွေးနေစဉ် အာမေးနီးယားဝန်ကြီးချုပ် အခန်းထဲမှ ဒေါသတကြီးထွက်ခွာ

အတိုက်အခံခေါင်းဆောင်နှင့်ဆွေးနွေးနေစဉ် အာမေးနီးယားဝန်ကြီးချုပ် အခန်းထဲမှ ဒေါသတကြီးထွက်ခွာ

 

ယီရီဗန်၊ အာမေးနီးယား၊ ဧပြီ ၂၃ ။                             ။ အာမေးနီးယားနိုင်ငံ၏ သမ္မတဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ကြီးချုပ်ရာထူးကိုရယူထားသည့် ဆာ့ဇ်ဆာကီစီယန်သည် အစိုးရအတိုက်အခံခေါင်းဆာင် နီကိုလ်ပတ်ရှ်ဟင်ယန်နှင့် တနင်္ဂနွေနေ့က ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သော အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုစတင်ပြီးနောက်သိပ်မကြာခင်တွင် အခန်းထဲမှ ဒေါသတကြီးထွက်ခွာသွားခဲ့ပြီး အတိုက်အခံများသည် ခြိမ်းခြောက်အကြပ်ကိုင်နေသည်ဟု ပြောဆိုခဲ့သည်။

“ခင်ဗျားရဲ့နှုတ်ထွက်မှုနဲ့ပက်သက်ပြီး ဆွေးနွေးဖို့ ကျနော်ဒီကိုလာခဲ့တာပါ” ဟု အတိုက်အခံပါတီခေါင်းဆောင် ပတ်ရှ်ဟင်ယန်က ရုပ်သံကင်မရာများရှေ့တွင် ၀န်ကြီးချုပ်အား စတင်ပြောဆိုခဲ့သည်။

“ဒါဟာ စေ့စပ်ဆွေးနွေးမှုမဟုတ်ပါဘူး။ ဒါဟာ ခြိမ်းခြောက်အကြပ်ကိုင်မှုပါ။ ဒီတော့ ခင်ဗျားအနေနဲ့ပြန်သွားပြီး တရားဝင်ဘောင်အတွင်းက လုပ်ဆောင်သွားဖို့ ကျနော်အကြံပေးပါတယ်။ ဒါမှမဟုတ်ရင်တော့ ခင်ဗျားအနေနဲ့ ခေါင်းခံပြီး တာဝန်ယူဖို့ ပြင်ဆင်ထားလိုက်ပါ” ဟု ဆာကီစီယန်က တုံ့ပြန်ပြောဆိုခဲ့သည်။

“အာမေးနီးယားမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်လို့ ခင်ဗျားနားမလည်ပါဘူး။ နိုင်ငံအာဏာဟာ အခု ဆိုရင် ပြည်သူတွေရဲ့လက်ထဲမှာပါ” ဟု ပတ်ရှ်ဟင်ယန်က ဆက်လက်ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်ကို ဆာကီစီယန်က “ပါလီမန်ရွေးကောက်ပွဲမှာ ၈ ရာခိုင်နှုန်းလောက်ပဲ မဲရရှိခဲ့တဲ့ပါတီက ပြည်သူ တွေကို ကိုယ်စားပြုတယ်ဆိုပြီး ပြောဆိုနေလို့မရပါဘူး” ဟု တုံ့ပြန်ပြောဆိုကာ မာရီယော့ဟော်တယ်အတွင်း၌ ပြုလုပ်နေခဲ့သော အစည်းအဝေးပွဲအခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် ပတ်ရှ်ဟင်ယန်က ဆာကီစီယန်အား ရာထူးမှနှုတ်ထွက်ပေးဖို့ ဆက်လက်ဖိအားပေးသွားမည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ဆာကီစီယန်သည် အာမေးနီးယားနိုင်ငံအား သမ္မတအဖြစ် ဆယ်စုနှစ်တစ်ခုခန့် အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သောအပတ်က ၀န်ကြီးချုပ်ရာထူးအားရယူခဲ့ပြီး နိုင်ငံ၏ထိပ်သီးခေါင်းဆောင်ဖြစ်လာ အောင် ပါလီမန်စနစ်အသစ်ကို ပြင်ဆင်ခဲ့မှုအတွက် ယင်းလုပ်ရပ်ကိုရှုံ့ချသည့်အနေဖြင့် ပတ်ရှ်ဟင်ယန်၏ တောင်းဆိုချက်အရ ထောင်သောင်းချီသော ပြည်သူအများအပြားသည် ဆန္ဒပြပွဲများ ပြုလုပ်နေခဲ့ကြသည်။

အတိုက်အခံအဖွဲ့ကို ထောက်ခံသူများက အသက် ၆၃နှစ်အရွယ်ရှိ ဆာကီစီယန်အား အာမေးနီးယားနိုင်ငံ အတွင်း ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှုနှင့် လူတစ်စုက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားမှုတို့အတွက် ပြင်းပြင်းထန်ထန်ဝေဖန်ကာ ရာထူးမှနှုတ်ထွက်ပေးရန် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly