ဖြူးမြို့အနီး အင်အားအသင့်တင့်ငလျှင်လှုပ်ခတ်ပြီး ရက်ပိုင်းအတွင်း တစ်နေရာတည်း နှစ်ကြိမ်လှုပ်

ဖြူးမြို့အနီး အင်အားအသင့်တင့်ငလျှင်လှုပ်ခတ်ပြီး ရက်ပိုင်းအတွင်း တစ်နေရာတည်း နှစ်ကြိမ်လှုပ်

ရန်ကုန်၊ ဧပြီ ၂၃ ။                ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက် ၂၉မိုင်အကွာကိုဗဟိုပြု၍ အင်အားအသင့်တင့်ရှိသော ငလျှင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီး ရက်ပိုင်းအတွင်း တစ်နေရာတည်း  နှစ်ကြိမ်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၁ နာရီ ၁ မိနစ် ၄၅ စက္ကန့်အချိန်၌ အနက် ၁၇မီတာကိုဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျှင်၏ပြင်းအားမှာ အင်အားရစ်ချက်တာစကေး ၅ ဒဿမ ၁ အဆင့်ရှိ၍ အင်အားအသင့်တင့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

၄င်းငလျှင်ကို ကမ္ဘာအေးမြေငလျှင်စခန်းမှ တိုင်းတာရရှိခဲ့ကာ ရန်ကုန်မြို့၏ မြောက်ဘက် ၉၈ မိုင်ခန့်ကွာသေးကြောင်းတွေ့ရသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ကလည်း ဖြူးမြို့အနီးတွင် အင်အား ၄.၈ ရစ်(ခ်)တာစကေး အဆင့် အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ဧပြီလ ၂၃ ရက် အပါအဝင် ဖြူးမြို့အနီးတွင် ၁၂ ကြိမ်မြောက် လှုပ်ခတ်ခြင်း ဖြစ်သည်။

ယင်းနေရာအနီးတွင်ပင် ဇန်နဝါရီလ ၁၄ ရက်၊  မနက် ၅နာရီ ၅၉မိနစ် ၄၉ စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း ဖြူးမြို့၊ အနောက်တောင်ဘက်၂၅မိုင်အကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သေးသည်။

ဖြူးမြို့သည် စစ်ကိုင်းပြတ်ရွေ့ကြောအနီး တည်ရှိနေပြီး ဇန်နဝါရီလ ၁၂ ရက်မှစတင်သော မြေငလျင်ငယ် ၁၁ ခုအနက်  ၁၀ခုသည်   ဖြူးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခြင်း ဖြစ်ကာ အင်အားရစ်(ခ်)တာစကေး ၃.၉ အဆင့်မှ ၆.၀ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်ကြီးများမလာခင် ငလျင်ငယ်များ ဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့ကြော တလျှောက် ဝန်းသို၊ တကောင်း၊ စစ်ကိုင်း၊ နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား၊ စဥ့်ကူး၊ မန္တလေး၊ ဝမ်းတွင်း၊ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ သုံးခွမြို့များရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly