ဟင်္သာတခရိုင် လေဘေးသင့်ပြည်သူများအား ချက်ချင်းထောက်ပံ့နိုင်ရေး ဆောင်ရွက်နေ

ဟင်္သာတခရိုင် လေဘေးသင့်ပြည်သူများအား ချက်ချင်းထောက်ပံ့နိုင်ရေး ဆောင်ရွက်နေ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ပုသိမ်၊ ဧပြီ ၂၂  ။             ။ လေဘေးသင့်ပြည်သူများအား ချက်ခြင်းထောက်ပ့ံနိုင်ရန် စီစဉ်နေပြီး လာရောက်ရန် ဖိတ်ခေါ်ရတဲ့အတွက် အားနာကြောင်း လေဘေးသင့်ပြည်သူများကို ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး က ပြောသည်။

ဧပြီလ ၂၂ ရက်၊ ဇလွန်မြို့နယ်မှာ ပြုလုပ်ခဲ့သော လေဘေးသင့်ပြည်သူများ ထောက်ပ့ံပေးအပ်ပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အစိုးရ အနေနဲ့က လက်ရှိဖြစ်သွားတာကို ထောက်ပ့ံပေးချင်တာပါ။ အိမ်ပြိုသွားတာတွေ အမိုးလန်သွား တာတွေ၊  အိမ်အမိုး အကာပျက်သွားတာတွေကို လတ်တလောအနေအထားအရ ထောက်ပံ့ပေးချင်တာပါ။ အဲဒီအတွက် ဒီကိုခေါ်ရတာကို အလွန်ပဲအားနာပါတယ် ။ ဟိုမှာလည်း အမိုးတွေလန်တာ အိမ်တွေပြိုတာ ရှိရဲ့သားနဲ့ ဒီကိုဖိတ်ရတာ ။ တကယ်တော့ အဲဒီဒေသကိုလာချင်တယ် ။ ၃၊ ၄ နေရာ သွားလိုက်ရလို့ ချက်ချင်းမထောက်ပံ့နိုင်မှာ စိုးလို့ ဖိတ်ရတာကို နားလည်ပေးပါ ၊ဒေသခံပြည်သူတွေက အစိုးရကို ပြောချင်တာဖြစ်ဖြစ်၊ လူမှုရေးဝန်ကြီးဌာနကိုပြောချင်တာဖြစ်ဖြစ် ပြောနိုင်ပါတယ်။ ပြောပါ ။ ကျွန်မက အဲဒါလေးကိုတော့ တောင်းဆိုချင်ပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ဇလွန်မြို့နယ်၊ လေဘေးသင့်ပြည်သူများ ထောက်ပ့ံပေးအပ်ပွဲတွင် ပြောသည်။

ဧပြီလ ၁၇ ရက်နေ့မှ စတင်ပြီး ဟင်္သာတခရိုင်ရှိမြို့နယ်အားလုံးတွင် လေပြင်းတိုက်မှုများ ဖြစ်ပွားခဲ့ပြီး အစိုးရမှ အိမ်များပျက်စီးမှုနှင့် ဆန်ရိက္ခာများအား ထောက်ပံ့ပေးအပ်ခဲ့ကာ လက်ရှိတွင် လေဘေးသင့်အိမ်ခြေ ၄၀၀၀ ဝန်းကျင်ခန့်ရှိသည်။

“ ဧပြီလ ၁၈ရက်နေ့ ညနေမှာ ဟင်္သာတခရိုင်မှာရှိတဲ့ ၆ မြို့နယ်လုံးမှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်၊ ပျမ်းမျှအား ဖြင့် ၂၀၀၀ ဝန်းကျင်လောက်၊ သတ်မှတ်ထားတဲ့နှုန်းထားတွေ ရှိပါတယ်၊ အမိုးလန်ရင် တစ်သိန်း နှင့်အောက် ဆုံးရှံုးမှုတန်ဖိုးနဲ့ထောက်ပ့ံပါတယ်၊ပြိုသွားရင် သစ်အိမ် တိုက်အိမ်ဆို နှစ်သိန်းအထိထောက်ပ့ံပါတယ်၊ ဆန်ရိက္ခာကို လူတစ်ယောက်ကို တပတ်စာနှုန်းနဲ့အိမ်ထောင်စုအလိုက်ထောက်ပံ့မှာပါ”ဟု ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ညွန်ကြားရေးမှူးဦးသန်းစိုးက ပြောသည်။

ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဟင်္သာတခရိုင်တွင်နေအိမ်များ အမိုးလှန်ခြင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၉၇စုတွင် ကျေးရွာပေါင်း၃၄၂ရွာတွင် အိမ်ခြေပေါင်း ၄၂၈၄လုံး ထိခိုက်ပျက်စိ်းခဲ့ပြီး၊ ဆုံးရှံုးမှု တန်ဖိုး ၄၂၈၆၅၄၀၀၀ ကျပ် ဆုံးရှံုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly