မြိတ်မြို့တွင် ရေချိုငါးခူ ဈေးကွက်မရှိသဖြင့် အရှုံးပေါ်နေ

.

မြိတ်၊ ဧပြီလ ၂၁ ။             ။ မြိတ်မြို့၌ ရေချိုငါးခူများကို မွေးမြူသူ များပြားလာရာမှ လက်ရှိမှာတော့ ဈေးကွက်အတွင်း အရောင်း/ ၀ယ် မရှိသောကြောင့် အရှုံးစပေါ်နေပြီးလို့ မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရသည်။

ရေချို ငါးခူ ငါးသားပေါက်များကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် တစ်ပိုင် တစ်နိုင် အိမ်တွင် စီးပွားအဖြစ် ကနဦး မွေးမြူသူများ ရှိခဲ့ရာမှ တစ်ပိသာလျှင် ၆၀၀၀ ကျပ်အထိ ဈေးကောင်းရရှိခဲ့ပြီး၊ အခုအခါမှာတော့ မွေးမြူသူ များလာ၍ ဈေးကွက်အတွင်း စားသုံးသူ မရှိတာကြောင့် တွက်ခြေ မကိုက်တော့ဘူးလို့ ရေချို ငါးခူ မွေးမြူသူများက ပြောဆိုသည်။

“ အခုက ဘယ်လိုပြောရမလဲဆိုတော့ မြိတ်မြို့မှာက အဓိက ပင်လယ်နဲ့ နီးတော့ ပင်လယ်စာတွေ များတယ် လေ ။ ဒါကြောင့် မြိတ်သူ/ သားတွေက ရေငန်ငါးတွေကိုပဲ စားများတော့ ဒီရေချိုငါးတွေကို သိပ်ပြီး တွင်တွင် ကျယ်ကျယ် စားတာမျိုး မရှိသလို ဈေးကွက်လည်း မရှိဘူး ဖြစ်နေတယ်၊ ဒီအတွက်ကြောင့် လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီ” ဟု ရေချိုငါးခူ မွေးမြူသူ မြိတ်မြို့ ကျွဲကူးကျေးရွာနေ ဦးထွေးငယ်က ပြောသည်။

ရေချို ငါးခူများကို ပြီးခဲ့သည့်နှစ်က တစ်ပိသာလျှင် ၆၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး၊ တစ်နေ့ကို အချိန် ၂၀ မှ ၃၀ အထိ ရောင်းရကြောင်း သိရသည်။

“ ငါးခူတွေက ဈေးက တော်တော်ကျသွားပါတယ်၊ အထူးသဖြစ် ဈေးကွက်မရှိလို့ ဖြစ်တာပါ၊ စားသောက်ဆိုင် တွေကလည်း မယူဘူး၊ ငါးအ၀ယ်ဒိုင်တွေကလည်း မ၀ယ်ဘူး၊ ဈေးတွေမှာ ကိုယ်တိုင်သွားပြီး ထိုင်ရောင်းနေရ တဲ့ အဆင့်အထိ ရှိနေတယ်’’ ဟု ရေချိုငါးခူ မွေးမြူသူ ဦးသန်းစိုးက ဆိုသည်။

မြိတ်မြို့မှာ ရေချို ငါးခူများကို မွေးမြူသူ များလာသော်လည်း ဈေးကွက်မရှိ ဖြစ်နေပြီး၊ တစ်ပိသာကို ၃၀၀၀ ကျပ်ခန့်သာ ဈေးကွက်ရှိတော့သောကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ပေါ်နေပြီး အစာဖိုးနှင့် တွက်ခြေမကိုက်အရှုံးပေါ်နေကြသည်ဟု သိရသည်။

လက်ရှိတွင် မွေးမြူရေးလုပ်ငန်းများ တဖြည်းဖြည်းချင်း ရပ်ဆိုင်းနေကြပြီဟု ငါးခူမွေးမြူသူများက ပြောသည်။

မြိတ်ဒေသတွင် မွေးမြူသည့် ရေချိုငါးခူများကို အထက်မြန်မာပြည်မှ ပြောင်းရွေ့လာသည့် ဒေသခံများနှင့် တပ်မတော်မှ ၀န်ထမ်းမိသားစုများကသာ အနည်းစု ၀ယ်ယူကြသည်ဟု သိရသည်။