သက်ငယ်မုဒိမ်းသမားများကို သေဒဏ်ပေးဖို့ အိန္ဒိယအစိုးရ အတည်ပြု

သက်ငယ်မုဒိမ်းသမားများကို သေဒဏ်ပေးဖို့ အိန္ဒိယအစိုးရ အတည်ပြု

နယူးဒေလီ၊ အိန္ဒိယ၊ ဧပြီ ၂၂ ။            ။ အိန္ဒိယနိုင်ငံ၌ ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လူတစ်စုက အဖွဲ့လိုက်မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုနှင့် ဆိုးရွား သော လိင်ပိုင်းဆိုင်ရာစော်ကားမှုများကြောင့် နိုင်ငံတစ်ဝန်းမှပြည်သူများ ယမ်းပုံမီးကျဖြစ်ခဲ့ရပြီးနောက်တွင် သက်ငယ်မုဒိမ်းသမားများကို သေဒဏ်ပေးဖို့ အိန္ဒိယအစိုးရက စနေနေ့တွင် အတည်ပြုခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီသည် ဗြိတိသျှဓနသဟာယအသင်း ထိပ်သီးစည်းဝေးပွဲမှ ပြန်ရောက်လာပြီး နောက်တွင် သက်ငယ်မုဒိမ်းကိစ္စအတွက် ပြစ်ဒဏ်ချမှတ်ဖို့ အစိုးရအဖွဲ့အစည်းဝေးပွဲကို ခေါ်ယူကျင်းပခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

ဂျမ်မူနှင့် ကတ်ရှ်မီးယားပြည်နယ်တို့မှ ဟိန္ဒူအမျိုးသားတစ်စုသည် မွတ်စလင်မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုအတွက် ပြီးခဲ့သောရက်များအတွင်း အိန္ဒိယနိုင်ငံတစ်လွှား၌ ဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး အစိုးရ အနေဖြင့် အရေးယူပေးဖို့ ၀န်ကြီးချုပ်မိုဒီအား ဖိအားပေးမှုများ မြင့်တက်လာခဲ့သည်။

အိန္ဒိယအစိုးရအဖွဲ့သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဥပဒေကို ပြင်ဆင်ပြီး အသက် ၁၂ အောက်ရှိ ကလေး ငယ်များကို မုဒိမ်းကျင့်သူများအား သေဒဏ်ပြစ်ဒဏ်ပေးဖို့ အတည်ပြုခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။ ဒါ့အပြင် မုဒိမ်းသမားများ၏ အနိမ့်ဆုံးပြစ်ဒဏ်ကိုလည်း ပိုမိုတင်းကြပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“အစိုးရအဖွဲ့က ပြဌာန်းလိုက်တဲ့ဥပဒေအသစ်ကို သဘောတူခွင့်ပြုဖို့ သမ္မတဆီကို ပို့ပေးမှာဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကဆိုခဲ့ပြီး သမ္မတ၏အတည်ပြုမှုကို ရယူခြင်းမှာ လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း သိရသည်။

ဥပဒေအသစ်အရ မုဒိမ်းကျင့်ခံရသော ကလေးများပါ၀င်သည့် တရားစီရင်မှုကို တရားခံအားဖမ်းဆီးပြီးနောက် ၂လအတွင်း အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းဥပဒေမှာ တရားစီရင်မှုနှေးကွေးသော အိန္ဒိယနိုင်ငံ၌ အမြန်ဆုံး တရားစီရင်မှုဖြစ်လာမည်ဟု သိရသည်။

ယင်းဥပဒေတရားဝင်ဖြစ်လာရန်အတွက် သမ္မတ၏အတည်ပြုချက်ကို ၆လအတွင်း ရရှိသွားရန်လိုအပ်သည်။

အိန္ဒိယနိုင်ငံသည် အရက်စက်ဆုံး လူသတ်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက်ကိုသာ သေဒဏ်ပေး လေ့ရှိသည်။ သို့သော်လည်း ယင်းသေဒဏ်များကို အမှန်တကယ်စီရင်ခြင်းမှာ အလွန်ကိုရှားပါးပြီး အဆင့်မြင့် တရားရုံးသို့ အယူခံဝင်ပါက သေဒဏ်အစား ထောင်ဒဏ်သာကျခံရလေ့ရှိသည်။

အိန္ဒိယနိုင်ငံ၌ နောက်ဆုံး သေဒဏ်စီရင်ခဲ့မှုမှာ လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကဖြစ်ပြီး ၁၉၉၃ မွန်ဘိုင်းမြို့ ဗုံးပေါက်ကွဲမှုအတွက် ကျူးလွန်သူအား ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly