ရန်ကုန်တွင် အိမ်ဝယ်ရန်မတတ်နိုင်သူများအတွက် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ဆောင်ရွက်နေ

ရန်ကုန်တွင် အိမ်ဝယ်ရန်မတတ်နိုင်သူများအတွက် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ဆောင်ရွက်နေ

 

ရန်ကုန်၊ ဧပြီ ၂၀ ။                        ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာဝယ်ယူရာတွင် ပိုက်ဆံပုံမပေးနိုင်သူများရှိနေသည်ကိုတွေ့ရ၍ အိမ်ရာစီမံကိန်းဖော်ဆောင်စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တွင် ပထမဦးဆုံးအကြိမ်ပြုလုပ်မည့် ရန်ကုန်ရင်းနှီးမြုပ်နှံမှုဖိုရမ် ၂၀၁၈ နှင့်ပတ်သက်သော ဧပြီလ ၂၀ရက်နေ့က သတင်းစာရှင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဆီမှာ အိမ်ဝယ်မယ်ဆိုရင် ချက်ချင်းပုံပေးရတယ် ။ အဲဒီပိုက်ဆံပေးစရာ သူတို့မှာမရှိဘူး။ ဒါပေမယ့် သူတို့မှာတချို့ဆိုရွှေတွဲလွဲ ငွေတွဲလွဲလေးတွေတောင်ရှိတာမျိုးလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ စာရင်းကောက်ယူလိုက်တဲ့အချိန်မှာ သူတို့ပေးနိုင်တဲ့အနိမ့်ဆုံးအခြေအနေတွေရှိပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်းကာ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး သုတေသနစီမံကိန်းအနေဖြင့် ၂၀၁၆ခုနှစ် စက်တင်လာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျုးကျော်နေထိုင်သူ စာရင်းကို စတင်ကောက်ခံခဲ့ပြီး တွေ့ရှိအခြေအနေများအား ရှင်းလင်းပြောကြားရင်း ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးသင့်အိမ်ရာများ၊ တန်ဖိုးမြင့်အိမ်ရာများ ပေါင်းစပ်ကာ တည်ဆောက်သွားရန် လျာထားသည်ဟု ၄င်းက ဆိုသည်။

"ဒီအိမ်ရာစီမံကိန်းကတော့ အမြတ်အစွန်းရှိမယ်။ နည်းမယ် ။ ဒါပေမယ့် နှစ် ၃၀ လောက်အထိ မြှုပ်နှံရမယ် ။ အနှစ် ၃၀ လောက်ကို ဒေါ်လာသန်းချီလာရင်းနှီးမြှုပ်နှံရမယ်ဆိုတာ တော်တော်ကြီးတဲ့ Business ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ဒီလိုဟာမျိုးကို နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုရနိုင်ဖို့အတွက် ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ တွေ့ဆုံဖို့လည်းရှိပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

၄င်းအိမ်ရာစီမံကိန်းဖော်ဆောင်နိုင်ရန်အတွက် ယခုလက်ရှိဆွေးနွေးနေဆဲကုမ္ပဏီကြီးများရှိနေပြီး ဆောင်ရွက် ရန် သေချာသည့်အချိန်တွင် တရားဝင်ထုတ်ဖော်ပြောသွားမည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အိမ်ဝယ်ယူမှုနှင့်ပတ်သက်ပြီး ဘဏ်အချို့မှ အိမ်ရာဝယ်ယူရန် အရစ်ကျ ချေးငွေများ ထုတ်ပေးနေသော်လည်း ၀ယ်ယူမည့်အိမ်ရာတန်ဖိုး၏ အနည်းဆုံး ၃၀ရာခိုင်နူန်းကို အရင်ဆုံးပေးသွင်းရမည်ဖြစ်ကာ ၁၅နှစ်အထိ အရစ်ကျပေးသွင်းနိုင်ရန် စီစဉ်ထားသည်။

ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးသုတေသနစီမံကိန်း၏ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် ကျုးကျော် အိမ်ထောင် စုစု ပေါင်း (၁၀၅,၄၄၉)စုရှိနေပြီး ကျုးကျော်အဖြစ်သတ်မှတ်ခံထားရသည့်လူဦးရေပေါင်း (၄၃၁,၀၅၀) ရှိနေပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly