နယ်စပ်ဆန္ဒပြမှုများတွင် ပါလက်စတိုင်းနှစ်ဦးအား အစ္စရေး ပစ်သတ်

နယ်စပ်ဆန္ဒပြမှုများတွင် ပါလက်စတိုင်းနှစ်ဦးအား အစ္စရေး ပစ်သတ်

 

ဂါဇာစီးတီး၊  ဧပြီ ၂၁ ။               ။ မြောက်ပိုင်း ဂါဇာကမ်းမြောင်ရှိ ဂျာဘာလီယာအရပ်တွင် အစ္စရေးစစ်သားများနှင့် ပါလက်စတိုင်းဆန္ဒပြသူများကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားရာ ဧပြီ ၂၀ ရက်က အစ္စရေးစစ်သားများ ပစ်သတ်၍ ပါလက်စတိုင်းနှစ်ဦး သေဆုံးပြီး ဓာတ်ငွေ့ရှုရှိုက်ကာ အသက်ရှုမွန်းကျပ်ခြင်းနှင့် အခြားသော ထိခိုက်ဒဏ်ရာများကြောင့် ၄၀ ထက်မနည်း ဆေးကုသခံနေရကြောင်း ပါလက်စတိုင်း ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။

အသက် ၂၄ နှစ်ရှိ အာမတ်ရာရှက်နှင့် အသက် ၂၅ နှစ်ရှိ နာဘဲအဘူတို့ ကျည်ထိမှန် သေဆုံးခြင်းဖြစ်ပြီး အဘူသည် ဦးခေါင်းကို အပစ်ခံရကာ သေဆုံးခြင်း ဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကီဒရာက ဆိုပြီး အဘူမှာ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးလည်းဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အစ္စရေးစစ်တပ် တာဝန်ရှိအမျိုးသမီးတစ်ဦးက အီးပီအေသို့ ပြောသည်။

ပါလက်စတိုင်းဒုက္ခသည်များ ပြန်လည်နေရာရရေး တောင်းဆိုသော “တစ်ဖန် စုရုံးချီတက်မှုကြီး ဆင်နွှဲခြင်း” ဆိုသည့် ပါလက်စတိုင်းတို့၏ ဆန္ဒပြမှု လေးရက်မြောက်အဖြစ် ဧပြီ ၂၀ ရက်တွင် ယခုထိပ်တိုက်တွေ့မှု ပေါ်ပေါက်ခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ဂါဇာနှင့် အစ္စရေးနယ်စပ် စခန်းငါးနေရာတွင် စုရုံးကာ ဆန္ဒပြကြခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်က နယ်စပ်စည်းရိုးနား ချည်းကပ်ခြင်း၊ ဖျက်ဆီးခြင်းများ မပြုလုပ်ကြရန် လေယာဉ်များပေါ်မှ စာရွက်များ ကြဲချကာ သတိပေးထားခဲ့သည်။

နယ်စပ်စည်းရိုး၏ မီတာ ၃၀၀ အတွင်း မည်သူကိုမျှ ချည်းကပ်ခံမည် မဟုတ်ကြောင်းလည်း အစ္စရေးဖက်က ယခင် ကြေညာချက် ထုတ်ထားပြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly