၂၀၂၀ တွင် အနိုင်ရရှိရန် ပြည်သူ့အကျိုးသယ်ပိုးရန်လိုဟု မန်းတိုင်းဝန်းကြီးချုပ်ဆို

၂၀၂၀ တွင် အနိုင်ရရှိရန် ပြည်သူ့အကျိုးသယ်ပိုးရန်လိုဟု မန်းတိုင်းဝန်းကြီးချုပ်ဆို

 

မန္တလေး၊ ဧပြီ ၂၁ ။                                  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ပြည်သူများအကျိုးကို သယ်ပိုးပေးရန်လိုအပ်သည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဧပြီလ ၂၁ ရက်၊နံနက် ၈ နာရီက ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်ဂုဏ်ဆောင်နာရီစင်ဖွင့်ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပုသိမ်ကြီးဟာ အစဉ်အလာအားဖြင့် ကောင်းခဲ့တဲ့မြို့။၉၀ ရွေးကောက်ပွဲတုန်းကလဲ ပုသိမ်ကြီးက နိုင်ခဲ့ပါတယ်။၂၀၁၅တုန်းကလည်း ကျွန်တော်တို့နိုင်ခဲ့တာ ။ ၂၀၂၀မှာလည်း ကျွန်တော်တို့ နိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ဖို့ဆိုရင် ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးပေးရပါမယ်။ပြည်သူတွေအတွက် လုပ်ရပါမယ်"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ဆက်လက်၍ ဒေါက်တာ ဇော်မြင့်မောင်က"အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူနဲ့အတူ ပြည်သူကို အကာအကွယ်ပေးရပါမယ်။ပြည်သူတွေရဲ့ကြီးပွား တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်ပေးရမယ်။

ပြည်သူတွေမပျက်စီးတဲ့ ပျက်စီးတဲ့အလုပ်ကို လုပ်ရမှာမဟုတ်ပါဘူး။ဒီဟာကို ဝိုင်းပံ့ပိုးစေချင်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ မှတ်သားစေချင်ပါတယ်။ ကျွန်တော်တို့ပြည်သူ့အတွက် ကျွန်တော်တို့ခေါင်းထဲမှာ ပြည်သူ့အတွက်ဆိုတာပဲရှိရမယ်။ပြည်သူ့အကျိုးအတွက်ပဲဖြစ်ရမယ်။တိုင်းပြည်အကျိုးအတွက်ပဲဖြစ်ရမယ်။ပါတီအတွက် မဖြစ်ရဘူး။ကိုယ့်အတ္တအတွက်မဖြစ်ရဘူး။ဒီလိုဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် ပုသိမ်ကြီးအလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှာပဲ။"ဟုပြောသည်။

မန္တလေးခရိုင်အတွင်းတွင် မပါဝင်သေးသည့် ပုသိမ်ကြီးမြို့နည်အား ခရိုင်အတွင်းထည့်သွင်းနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားလျှက်ရှိသည်။ခရိုင်အတွင်း ပါဝင်မှသာ စည်ပင်သာယာလုပ်ငန်းများကို မြို့တော်စည်ပင်က ဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်သည်။

"မန္တလေးခရိုင်ထဲမှာ ပုသိမ်ကြီးမပါသေးဘူးဖြစ်နေတယ်။ဒါ ကျွန်တော်တို့ဆက်ကြိုးစားရမယ်။ဒါမှ မန္တလေးခရိုင်အတွင်းမှာ ပုသိမ်ကြီးမြို့နယ် ပါသွားမှ ပုသိမ်ကြီးမြို့နယ်မှာရှိနေတဲ့ စည်ပင်သာယာရေးကိစ္စတွေအားလုံးကို မြို့တော်စည်ပင်က တာဝန်ယူနိုင်မှာဖြစ်ပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ပုသိမ်ကြီးမြို့နယ်သည် မြေယာပြဿနာအများဆုံးဖြစ်သလို စည်းကမ်း၊နည်းလမ်း၊ဥပဒေနှင့်မလုပ်သည့် အရာများလည်း များစွာရှိသည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထည့်သွင်းပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly