ထိုင်းတွင် လာရောက်ရင်းနှီးမြုပ်နှံသည့် ဂျက်မားက မောင်းသူမဲ့ကားများအတွက် အားစိုက်လုပ်ဆောင်နေဟု ဆို

ထိုင်းတွင် လာရောက်ရင်းနှီးမြုပ်နှံသည့် ဂျက်မားက မောင်းသူမဲ့ကားများအတွက် အားစိုက်လုပ်ဆောင်နေဟု ဆို

 

ဘန်ကောက်၊ ဧပြီ ၂၀ ။           ။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အီလက်ထရောနစ်ကုန်သွယ်ရေးကုမ္ပဏီကြီး အလီဘာဘာ၏ စီအီးအို ဂျက်မားက ၎င်းတို့ ကုမ္ပဏီအနေဖြင့် အနာဂတ်၏ မော်တော်ကား စျေးကွက်အတွက် ကမ္ဘာ့ယှဉ်ပြိုင်မှုတွင် ပါဝင်ပြီး မောင်းသူမဲ့ကားများ နည်းပညာကို ပိုမို၍ သုတေသနပြု လုပ်ဆောင်လျက်ရှိနေပြီဖြစ်ကြောင်း အတည်ပြု ပြောသည်။

ပြီးခဲ့သည့်လက အမေရိကန်တွင် မောင်းသူမဲ့ အူဘာကား ဝင်တိုက်၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး လုံခြံုရေးပိုင်းအတွက် စိုးရိမ်မှု ရှိနေလင့်ကစား ဂူဂဲလ်နှင့် ကားထုတ်လုပ်ရေးလုပ်ငန်းများကဲ့သို့ အများစုသော နည်းပညာကုမ္ပဏီကြီးများက ဒေါ်လာဘီလီယံများစွာ ဆွဲဆောင်နိုင်မည်ဖြစ်သော မောင်းသူမဲ့ကားများ ထုတ်လုပ်ကာ စျေးကွက်ဖြစ်လာရေးကို အရှိန်မြှင့်ယှဉ်ပြိုင်လျက် ရှိနေကြသည်။

ထိုယှဉ်ပြိုင်မှုက ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်ဖြစ်သည့် တရုတ်သို့ ကူးစက်ကာ အင်တာနက်ကုမ္ပဏီဖြစ်ပြီး အလီဘာဘာ၏ ပြိုင်ဖက်ဖြစ်သော Baidu က ငါးနှစ်အတွင်း နိုင်ငံ၏ လမ်းများတွင် မောင်းသူမဲ့ကားများ ရောက်ရှိလာလိမ့်မည်ဟု ခန့်မှန်းပြောဆိုသည်။

မောင်းသူမဲ့ကားများ နည်းပညာကို Baidu နှင့် တရုတ်နည်းပညာကုမ္ပဏီ Tencent တို့က လိုလားလျက်ရှိနေရာ အလီဘာဘာ၏ စီမံကိန်းများနှင့် ပတ်သက်ပြီး စိတ်ဝင်တစား ရှိနေကြသည်။

“ကျွန်တော်တို့တွေ မောင်းသူမဲ့ကား နည်းပညာအပေါ် သုတေသနတွေ ပိုမိုလုပ်ဆောင်နေပါတယ်။ ကားတွေကို အလိုအလျောက် မောင်းနှင်စနစ်တွေ ပိုပြီးဖြစ်ထွန်းလာအောင်၊ ပိုပြီး မောင်းနှင်သုံးစွဲရ အဆင်ပြေအောင်၊ နောက်ပြီးတော့ ကားတွေကို မောင်းနှင်ရေး ယာဉ်ထက်ပိုလို့ လူတွေရဲ့ ပါတနာတွေလိုမျိုး ဖြစ်လာတဲ့အထိကို ကျွန်တော်တို့ လိုလားတာပါ။”ဟု ဂျက်မားက ဆိုသည်။

ဘန်ကောက်သို့ ဂျက်မား ယခု ရောက်ချိန်တွင်လည်း ဒေသတွင်းစျေးကွက် ချိတ်ဆက်ရေးကို အာရုံထားပြီး ထိုင်းအရှေ့ပိုင်း ဒီဂျစ်တယ်နယ်မြေတွင် ဒေါ်လာ သန်း ၃၀၀ ဖိုး ရင်းနှီးမြုပ်နှံမှု အပါအဝင် ထိုင်းအစိုးရနှင့် သဘောတူညီမှုအချို့ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly