လက်ဝှေ့သမားဘဝအဆုံးမသတ်သေးဘူးဆိုတာကို သက်သေပြမယ့် ပက်ကွီအို

လက်ဝှေ့သမားဘဝအဆုံးမသတ်သေးဘူးဆိုတာကို သက်သေပြမယ့် ပက်ကွီအို

 

ဇူလိုင် ၁၅ မှာ မက်တီဆီနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိနေတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုက သူ့ရဲ့ လက်ဝှေ့သမားဘဝ အဆုံးမသတ်သေးဘူးဆိုတာ သက်သေပြမယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ပက်ကွီအိုနဲ့ အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားလက်ဝှေ့သမား မက်တီဆီတို့ဟာ WBA ဝယ်တာဝိတ်တန်းချန်ပီယံခါးပတ်အတွက် ဇူလိုင် ၁၅ မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။

ပက်ကွီအိုဟာ ပြီးခဲ့တဲ့နှစ်တုန်းက သြစတြေးလျလက်ဝှေ့သမား ဂျက်ဖ်ဟွန်းကိုရှုံးနိမ့်ပြီး WBO ဝယ်တာဝိတ်ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီးနောက် ပွဲနဲ့ဝေးနေခဲ့သလို ပြိုင်ဘက်ကိုအလဲမထိုးနိုင်တာလည်း ၉ နှစ်ရှိနေပါပြီ။

“ကြိုးဝိုင်းထဲမှာ ပက်ကွီအိုအဆုံးမသတ်သေးဘူးဆိုတာကို ဇူလိုင် ၁၅ မှာ သက်သေပြသွားမှာပါ။ လက်ဝှေ့က ကျွန်တော်စွဲလမ်း မက်မောတဲ့အရာဖြစ်ပြီး ဖိလစ်ပိုင်အလံကို မြှောက်ခွင့်ရတာကိုလည်း ချစ်မြတ်နိုးပါတယ်” လို့ ပက်ကွီအိုက ပြောပါတယ်။

WBA ဝယ်တာဝိတ်ချန်ပီယံခါးပတ်ကို ဇန်နဝါရီမှာ ရယူခဲ့တဲ့ မက်တီဆီကလည်း ပက်ကွီအိုနဲ့ထိုးသတ်ခွင့်ရတာဟာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီး ဂုဏ်ယူစရာကောင်းပေမယ့် ချန်ပီယံခါးပတ်ကိုတော့ အသေအကြေကာကွယ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပက်ကွီအိုဟာ ကစားသမားဘဝမှာ ၅၉ ပွဲအနိုင်ရထားရာမှာ ၃၈ ပွဲက ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဖိလစ်ပိုင်မှာ လွှတ်တော်အမတ်တစ်ဦးဖြစ်နေပြီး တစ်နေ့မှာ ဖိလစ်ပိုင် သမ္မတဖြစ်လာဖို့ မျှော်လင့်နေသူပါ။

ဒါပေမဲ့ နိုင်ငံရေးမှာ ကျင်လည်နေတာထက် ကြိုးဝိုင်းထဲမှာ ပိုပျော်တယ်လို့လည်း ပြောဆိုထားပါတယ်။ မက်တီဆီကတော့ စုစုပေါင်း ၄၃ ပွဲထိုးသတ်ထားရာမှာ ၃၉ ပွဲအနိုင်ရခဲ့ပြီး ၃၆ ပွဲက ပြိုင်ဘက်ကိုအလဲထိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly