၀န်ထမ်းစည်းမျဉ်းမလိုက်နာ၍ တိုင်းစည်ပင်သာယာညွှန်မှူးအား တစ်ဆင့်နိမ့်ရာထူးချအရေးယူ

၀န်ထမ်းစည်းမျဉ်းမလိုက်နာ၍ တိုင်းစည်ပင်သာယာညွှန်မှူးအား တစ်ဆင့်နိမ့်ရာထူးချအရေးယူ

ဧပြီ ၂၀ ။                      ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရ စည်ပင်သာယာရေးအဖွဲ့မှ ညွန်ကြားရေးမှူးဦးအောင်မင်းနိုင်အား ဝန်ထမ်း စည်းမျဉ်း စည်းကမ်း မလိုက်နာသဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ တစ်ဆင့်နိမ့်ရာထူးချအရေးယူခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

"ဝန်ထမ်းစည်းမျဉ်းစည်းကမ်းမလိုက်နာလို့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အရေးယူတာ၊ စည်ပင်သာယာမှာ တိုင်းကျော်ပြီး ပြောင်းလို့မရလို့ ညွန်ကြားရေးမှူးကနေ ဒုတိယညွန်ကြားရေးမှူးနဲ့ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအလုပ်အမှုဆောင်တာဝန်ပေးလိုက်တယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ၁၉ ရက်က ပြုလုပ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးအောင်မင်းနိုင်အား ရာထူးချပြီး ဖျာပုံမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိအဖြစ် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

အရေးယူခံရသည့် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဦးအောင်မင်းနိုင်သည် ပထမအကြိမ် အစိုးရလက်ထက်တွင် စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူးအဖြစ်တာဝန်ပေးအပ်ခြင်းခံထားရသူ ဖြစ်သည်။

အဆိုပါ လစ်လပ်သွားသော နေရာအား ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယ ညွန်ကြားရေးမှူး ဦးတင့်လွင်အား ဧရာဝတီတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တွဲဖက်တာဝန် ထမ်းဆောင် ရန် စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လုပ်ငန်း တာဝန်များအား ရ ရက်အတွင်း လွဲပြောင်းရန် တိုင်းဒေသကြီးဝန်ကြီးက ညွန်ကြားထား သည်။

ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးဦးနိုင်လင်းမောင်အား ခေတ္တညွန်ကြားရေးမှူး အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်းကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ထုတ်ပြန်ခဲ့သည်။

ရာထူးတဆင့် ချခံရသည့် ဦးအောင်မင်းနိုင်အား ဖျာပုံမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး အဖြစ် ဧပြီလ၁၉ရက်နေ့တွင် ရွှေ့ပြောင်း တာဝန်ချထားရန် ဆုံးဖြတ်ခဲ့သည် ဟု စည်ပင်သာယာရေး ဝန်ကြီးဦးကျော်မြင့်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly