တောတွင်း ပုန်းရှောင်နေရသော စစ်ရှောင် ၂၀၀၀ကျော်နှင့် အဆက်အသွယ်ပြတ်တောက်နေဟု ဆို

တောတွင်း ပုန်းရှောင်နေရသော စစ်ရှောင် ၂၀၀၀ကျော်နှင့် အဆက်အသွယ်ပြတ်တောက်နေဟု ဆို
ဓာတ်ပုံ-EPA

ရန်ကုန်၊ ဧပြီ ၂၀ ။             ။ ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း၌ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံ ၂၀၀၀ ကျော်နှင့် လက်ရှိအခြေအနေအရ အဆက်အသွယ် ပြတ်နေပြီဟု ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီမှ ခရစ်ယာန်ဘုန်းတော်ကြီး (ဆရာတော်) နော်တောင်က အတည်ပြုပြောသည်။

ဧပြီလဆန်းပိုင်းထဲက တိုက်ပွဲများကြောင့် တနိုင်းမြို့နယ် အောင်လောဒ် ၊ ဆွတ်ရိန်ယန် နှင့် ဆွတ်ရာ ကျေးရွာ တို့ မှ ဒေသခံ ပြည်သူ ၂၀၀၀ ခန့်သည် တောတောင်အတွင်းသို့ စစ်ရှောင်နေရခြင်း ဖြစ်သည်။

“ တောမှာပိတ်မိနေတဲ့သူတွေနဲ့ ကျွန်တော်တို့က အဆက်အသွယ်မရဘူးဖြစ်နေတယ် ခင်ဗျ။ လောလောဆယ် ကလေ။ ဒါကြောင့်မို့လို့ ဘယ်လိုဖြစ်နေလဲ ဘယ်နေရာမှာရှိနေပြီလဲဆိုတာ အတိအကျမသိနိုင်ဘူး။ အစိုးရ အဖွဲ့အစည်းကနေတော့ ဒီနေ့ကတော့ ကြက်ခြေနီအဖွဲ့တွေနဲ့တော့  အောင်လောဒ် ကိုသွားမယ်လို့ ပြောတယ်ခင်ဗျ ” ဟု ၄င်းကဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ကတည်းက ဖုန်းအဆက်အသွယ်ပြတ်သွားခြင်းဖြစ်ပြီး နောက်ဆုံး ဖုန်းသတင်း ကြားသိချက် အရ စစ်ရှောင်များထဲတွင် နာမကျန်း ဖြစ်ပွား နေ သူများ လည်းရှိနေပြီး အစားအသောက်နှင့် နေရာထိုင်ခင်းများ လည်း အဆင်မပြေဖြစ်နေကြောင်း ဆရာတော် နော်တောင် ကပြောသည်။

အဆိုပါ ဧပြီ ၁၇ ရက်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ တပ်မဟာ (၂) အနေဖြင့် ယာယီဆုတ်ခွာခဲ့ရသည့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ဘေးရှောင် ၂၀၀၀ ကျော်သည်လည်း လူစုများကွဲကာ အကူအညီ တောင်းခံထားသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့ များနှင့် လည်း အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကချင်ပြည်နယ်အတွင်းရှိ ကြက်ခြေနီနှင့် ဌာနဆိုင်ရာများပါ၀င်သည့် ကူညီကယ်ဆယ်ရေး အဖွဲ့သည် ထောက်ပ့ံရေးပစ္စည်းများ သယ်ဆောင်ကာ တနိုင်းဒေသဘက်ကို ထွက်ခွာသွားကြပြီဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ပြောဆိုထားသည်။

ဧပြီ (၁၇ နှင့် ၁၈) ရက်များထိ တနိုင်းချောင်းနံဘေး၊ အောင်လော့ဒ်ပတ်ဝန်းကျင်များ၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly