ဖြူးမြို့အနီး ဗဟိုပြု၍ ငလျင် ထပ်မံလှုပ်ခဲ့ပြီး ၂၀၁၈ အတွင်း ၁၁ ကြိမ်ရှိ

ဖြူးမြို့အနီး ဗဟိုပြု၍ ငလျင် ထပ်မံလှုပ်ခဲ့ပြီး ၂၀၁၈ အတွင်း ၁၁ ကြိမ်ရှိ

ရန်ကုန် ၊ ဧပြီ ၂၀ ။          ။ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီးတွင် အင်အား ၄.၈ ရစ်(ခ်)တာစကေး အဆင့် အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခု ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်က လှုပ်ခတ်သွားခဲ့ပြီး ၂၀၁၈အတွင်း ဖြူးမြို့သည် ၁၁ ကြိမ်မြောက် ငလျင် လှုပ်ခတ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါငလျင်သည် မြန်မာနိုင်ငံပြည်တွင်း ဖြူးမြို့ အနောက်တောင်ဘက် ၂၉ မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက်အနက် ၂၃ ကီလိုမီတာကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းနေရာအနီးတွင်ပင် ဇန်နဝါရီလ ၁၄ ရက်၊  မနက် ၅နာရီ ၅၉မိနစ် ၄၉ စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း ဖြူးမြို့၊ အနောက်တောင်ဘက်၂၅မိုင်အကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သေးသည်။

ယင်းငလျင်လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်မြို့တွင်းရှိ အထပ်မြင့်နေထိုင်သူများကပါ သိသာစွာခံစားခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

ဖြူးမြို့သည် စစ်ကိုင်းပြတ်ရွေ့ကြောအနီး တည်ရှိနေပြီး ဇန်နဝါရီလ ၁၂ ရက်မှစတင်သော မြေငလျင်ငယ် ၁၁ ခုအနက်  ၁၀ခုသည်   ဖြူးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခြင်း ဖြစ်ကာ အင်အားရစ်(ခ်)တာစကေး ၃.၉ အဆင့်မှ ၆.၀ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်ကြီးများမလာခင် ငလျင်ငယ်များ ဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့ကြော တလျှောက် ဝန်းသို၊ တကောင်း၊ စစ်ကိုင်း၊ နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား၊ စဉ့်ကူး၊ မန္တလေး၊ ဝမ်းတွင်း၊ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ သုံးခွမြို့များရှိနေသည်။

၂၀၁၈ အတွင်း၌ မြန်မာနိုင်ငံအတွင်းဗဟိုပြုပြီး ငလျင်ပေါင်း အကြိမ် ၆၀ ခန့်  မြေငလျင်လှုပ်ခတ်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်ကလည်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အနီး၌ အင်အား ၄.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly